ချောင်းသာ   ၂၇   ဩဂုတ်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီက A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း၊ နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်းအဆင့်  လူထုတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် Total ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိ ဦးစောဟဒ်စံက ကမ်းလွန်လုပ်ကွက် A6 နှင့်ပတ်သက်၍ ရှင်းလင်းပြသပြီး Total ကုမ္ပဏီ၏ တွင်းတူးနှင့် ထုတ်လုပ်ရေးပညာရှင် ဦးတင်ဌေးကျော်က စီမံကိန်းအ‌ကြောင်းအရာကို အသေးစိတ်ရှင်းလင်းပြသသည်။


ထို့နောက် Total ကုမ္ပဏီ၏ EIA ဆန်းစစ်ချက် ERM အကြီးတန်းအတိုင်ပင်ခံအရာရှိ ဦးနေဆန်းလင်းက ရေနက် ကမ်းလွန်လုပ်ကွက် A6 အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းတို့ကို ရှင်းလင်းသည်။ အဆိုပါစီမံကိန်းနေရာမှာ ချောင်းသာမြို့မှ (၂၅)မိုင်(၄၁ ကီလိုမီတာ)ခန့်အကွာတွင် တည်ရှိသည်။ စီမံကိန်းအနေနဲ့ကမ်းရိုးတန်းမှ ၁၈ မိုင်(၂၉ ကီလိုမီတာ)ခန့်အကွာ (ပင်လယ်ရေအနက် ၁၀၀ မီတာ (၃၂၈ ပေ) ခန့်)ရှိ ပလက်ဖောင်းတစ်ခုနှင့် ချိတ်ဆက်သွားပြီး ထိုမှတစ်ဆင့် ရတနာRiser Platforn သို့ ပိုက်လိုင်းဖြင့်ပေးပို့ကာ ပြည်တွင်းသုံးနှင့် ပြည်ပတင်ပို့ရန် အတွက် ထပ်ဆင့် ဖြန့်ဝေသွားမည်ဟု ရှင်းလင်းပြောကြားချက်များအရ သိရသည်။
 

ထို့နောက် တက်ရောက်လာကြသူများက  သိလိုသည့်အချက်အလက်များကို ပြန်လည်မေးမြန်းကြသည်။ အဆိုပါအခမ်းအနားသို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊‌ ချောင်းသာ ရေယာဉ်အသင်းမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။


ကိုကိုမောင်(ပြန်/ဆက်)