ရေနံချောင်း ၂၄ သြဂုတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မိုးရာသီတွင် မကြာခဏ ရေကြီးရေလျှံလေ့ရှိသည့် ချောင်းတိမ်ချောင်းနှင့် ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီက မြို့မဈေးအပေါ်ထပ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချိုက အမှာစကားပြောကြားပြီး တက်ရောက်လာသူများက ချောင်းတိမ်ချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါချောင်းတိမ်ချောင်းသည် နှစ်စဉ်မိုးရာသီတွင် မကြာခဏ ရေကြီးရေလျှံလေ့ရှိပြီး အိုးဘိုရပ်ကွက် စည်ပင်သာရပ်ရှိ လူနေအိမ်များ၊ တိုင်းရင်းဆေးခန်း၊ မြို့နယ်ပြန်/ဆက်ရုံးအပါအဝင် ဈေးဆိုင်ခန်းများတွင်လည်း ရေဝင်ရောက်ပြီး ရေပြန်လည်ကျဆင်းချိန်တွင် ရွှံ့နွံ့များတင်ကျန်ရစ်မှုကြောင့် နှစ်စဉ်ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကိုစိုးကြီး၊ ရေနံချောင်း (ပြန်/ဆက်)


