ချောင်းဦး၊ ၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်တရားရုံးမှ COVID-19 ရောဂါပိုး တွေ့ရှိထားသည့် အတည်ပြုလူနာတစ်ဦးအား ထောင်ဒဏ် ၆ လ အပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာတွင် နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်း ဒေသကြီးမှ ပြန်လာသည့်အတွက် ချောင်းဦး အထက CBFQ တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၀ ရက်နေ့က COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
လူနာအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ခေါ်ယူသီးသန့်ထားရှိပြီး ဆေးကုသပေးနေရာ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ဆေးရုံပြင်ပသို့ တိတ်တဆိတ်ထွက်ခွာပြီး မြို့မရပ်၊ ရွှေတောင်ကွက်သစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားသောက်စရာ ပါဆယ်ဝယ်ယူခဲ့ကြောင်း၊ စတိုးဆိုင်တစ်ဆိုင်မှ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်သည့်အတွက် ဥပဒေအတိုင်း ဆောင်ရွက်အရေးယူပေးရန် ချောင်းဦးမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦး၏ တိုင်တန်းချက်အရ ချောင်းဦးမြို့နယ် ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခြင်း ဖြစ်သည်။
အမှုအား ဒုရဲအုပ်နိုင်ဇော်လတ်မှ လက်ခံစစ်ဆေးလျက်ရှိပြီး COVID-19 အတည်ပြုလူနာအား Stay at Home (၇)ရက် ပြီးမြောက်သွားသဖြင့် ယမန်နေ့က အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ချောင်းဦးမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ မြို့နယ် တရားသူကြီးမှ ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ချောင်းဦးမြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။
ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၉)ဦး တွေ့ရှိကာ (၁၇)ဦး ဆေးရုံမှ ဆင်းခွင့်ပြုပြီး ဆေးကုသမှုခံယူနေသူ(၂)ဦးသာ ရှိတော့ကြောင်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


