ချောင်းဦး ၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီခန်းမတွင် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား(၇၂၆)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်ပွဲနှင့် ဌာနဆိုင်ရာများအား COVID-19 ရောဂါကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲမှူးဝင်းအောင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးများ တက်ရောက်ကြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က နိုင်ငံတော်ကထောက်ပံ့ပေးအပ်သော လူမှုရေး ပင်စင်ထောက်ပံ့ငွေကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးရန်နှင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်တားဆီးနိုင်ရေး ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီပေးအပ်ရန်၊ COVID-19 ရောဂါကာကွယ် တားဆီးနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားကြရန်နှင့် လုပ်ငန်းစဉ်များတွင် လိုအပ်မည့် ကာကွယ်ရေး အသုံးအဆောင်များထဲမှ ကော်မတီအနေဖြင့် တတ်နိုင်သလောက် နှာခေါင်းစည်းများနှင့် မျက်နှာအကာများ ပေးအပ်တာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ချောင်းဦးမြို့နယ် အတွင်းရှိ အသက်(၈၅) နှစ်အထက် အဖိုးအဖွား(၇၂၆)ယောက်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ဖြင့် ငွေကျပ် ၂၁၇၈၀ဝ၀ဝ ကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့သော ကာကွယ်ရေး ဆက်စပ်ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများသို့ ပေးအပ်ခဲ့သည်။
အိအိအောင်(ချောင်းဦး)


