ချောင်းဦး ၂၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် ကျေးလက်နေပြည်သူများ၏ ဆန္ဒနှင့်အသံကို နားထောင်၍ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ပြည်သူ့စကားဝိုင်းကို ဇွန်၂၇ ရက်၊ နံနက် ၁၁ နာရီက SMUC ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ အသံကိုနားထောင်၍ ဒေသတွင်း လိုအပ်ချက်များကို ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် မြို့နယ်အဆင့် မဖြစ်နိုင်သည်များကို အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးသွားကြရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဌာနဆိုင်ရာများ အနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်၊ ဆန္ဒများကို နားထောင်ရုံ သက်သက်မဟုတ်ဘဲ မိမိတို့တတ်နိုင်သည့် အနေအထားဖြင့် တတ်နိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက်ပေး သွားကြစေလိုကြောင်း၊ ကတိကဝတ်များကို ပေးပြီးလျှင် အမှန်တကယ် ဆောင်ရွက်ပေးကြစေချင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က ဆွေးနွေးပြောကြားရာတွင် မိမိတို့ပြည်သူ့အစိုးရလက်ထက်တွင် ကျေးလက်နေပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေးကိစ္စများကို ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်ပေးနေပါကြောင်းနှင့် ယခုစကားဝိုင်းတွင်လည်း ကျေးရွာပြည်သူများ အနေဖြင့် မိမိတို့ဒေသ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားကြစေလိုကြောင်း၊ မိမိတို့ရင်ထဲတွင်ရှိသည့် ရပ်ရွာကိစ္စများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားပြီး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် မိတ်ဆက်စကားပြောကြားကြပြီး၊ ကျေးရွာပြည်သူများက မိမိတို့ကျေးရွာများ၏ လျှပ်စစ်မီးရရှိရေးကိစ္စ၊ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့် တင်ပေးရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို ဆွေးနွေးမေးမြန်း တင်ပြကြသည်။
အဆိုပါ တင်ပြချက်များအပေါ်တွင် ဌာနဆိုင်ရာများက ဌာနအလိုက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးကြပြီး၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖြည့်စွက် ရှင်းလင်း ဆွေးနွေးကြပြီး အခမ်းအနားကို နေ့လယ်(၂)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း နှင့် ဌာနဆိုင်ရာများ၊ ကင်မွန်းတော်ကျေးရွာ၊ အင်းမကျေးရွာ နှင့် ရုမ်းထူးကျေးရွာတို့မှ ကျေးလက် ပြည်သူ(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး ယခုစကားဝိုင်းသည် ချောင်းဦးမြို့နယ်တွင် အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)


