ချောင်းဦး ၂၀  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) မှ ငွေကျပ် ၁၄၈၉ ဒသမ ၉ သိန်းကို ကျေးရွာ(၆)ရွာသို့  ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ချောင်းဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေဖြင့် ရွာထင်ကျေးရွာ၊ ချောင်းမ နားမြောက်ကျေးရွာ၊ ညောင်ပင်လှကျေးရွာ၊ ၀ယာကျေးရွာ၊ မျက်ပါးကျေးရွာနှင့် ကုလားကြီးကျေးရွာ စုစုပေါင်း ကျေးရွာ(၆)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ VRFP စီမံကိန်းကို အမျိုးအစား သုံးမျိုးခွဲခြား၍ ထုတ်ချေးပေးပါကြောင်း၊ အိမ်ခြေ (၁၀၁)အိမ် အထက်ကို ငွေကျပ်သိန်း (၃၀၀)၊ အိမ်ခြေ (၅၁)အိမ်မှ (၁၀၀)အိမ်အထိကို ငွေကျပ်သိန်း (၂၀၀)၊ အိမ်ခြေ(၅၀)အောက်ကို ငွေကျပ်သိန်း(၁၀၀)တို့ ထုတ်ချေးပေးပါကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူး ဒေါ်ခင်စိုး၀င်းက ပြောသည်။

 

ချောင်းဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ကျေးရွာ(၆)ရွာမှ  စိုက်ပျိုးရေး လုပ်ကိုင်ရန် အသင်းသား (၄၄၅)ဦးအတွက် (၁၁၂၀.၆)သိန်း၊ မွေးမြူရေး လုပ်ကိုင်ရန် အသင်းသား (၇၇)ဦးအတွက် (၁၆၈.၈)သိန်း၊ အသက်မွေး၀မ်းကျောင်းလုပ်ငန်း လုပ်ကိုင်ရန် (၁၂)ဦးအတွက် (၄၅.၅)သိန်း၊ ရောင်း၀ယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် အသင်းသား (၆၁)ဦးအတွက် (၁၄၅)သိန်း၊  စုစုပေါင်းအသင်းသား(၅၉၅)ဦးအတွက် ထုတ်ချေးငွေပေါင်း ၁၄၈၉ ဒသမ ၉ သိန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)

 

mdn