ချောင်းဦး ၂၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ယနေ့ နံနက် ၄ နာရီက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းဦးမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်မှ ဘူတာ၊ တမာမြိုင်ရပ်ကွက်မှ ရွာထောင်နှင့် ဆံတော်ဆွဲ၊ မြို့မရပ်ကွက်မှ အရှေ့မအုပ်ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါရေများသည် ချောင်းဦးမြို့နယ် သန်းပင်ကန်ကျေးရွာ၊ ကိုးတောင်ကန်ကျေးရွာများမှတစ်ဆင့် ချောင်းရေများအဖြစ် ဝင်ရောက်လာခြင်းဖြစ်ပြီး မုံရွာ-မန္တလေး ကားလမ်း ပြည်သူ့ဆေးရုံရှေ့မှ အေးရိပ်မွန်(၂) မိဘမဲ့မိန်းကလေးကျောင်း လမ်းခွဲအထိ ရေကျော်ခဲ့ကာ ဘူတာ၊ ရွာထောင်၊ ဆံတော်ဆွဲနှင့် အရှေ့မအုပ်ရပ်ကွက်တို့မှ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများနှင့် ဘုန်းကြီးကျောင်းများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မြို့ပေါ်ရပ်ကွက်များ ရေဝင်ရောက်ပြီး ရေနစ်မြုပ်ခဲ့သော ရေဘေးသင့်ပြည်သူများအတွက် ချောင်းဦးမြို့ပေါ်မှ လူမှုကူညီရေး ပရဟိတအဖွဲ့များမှ အစားအသောက်များ ဝေငှပေးလျက်ရှိကြသည်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ၊ မုံရွာ - မန္တလေး ကားလမ်းပေါ်ရှိ ကျွဲကျချောင်း ရေကျော်တွင် ရေကျော်နေ၍ ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ဖြတ်သန်းသွားလာနေမှုအား နံနက် ၈ နာရီမှ စတင်၍ ခေတ္တရပ်နားထားခဲ့ရပြီး နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရေကျသွား၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။
ပြန်/ဆက် (ချောင်းဦး)


