ခေါင်လန်ဖူး ၂၀ ဩဂုတ်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ သြဂုတ် ၁၉ ရက် နံနက်က ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြို့ပေါ်လေးရပ်ကွက် နှင့် ကျေးရွာ(၈)ရွာများသို့ ကွင်းဆင်း၍ အသက် (၂)နှစ်မှ (၁၀)နှစ်အောက်ကလေးငယ်များအား သံချဆေးတိုက်ခြင်းနှင့်အသက် (၆)လမှ(၅)နှစ်အောက် ကလေးငယ်များအား (Vitamin- A) ဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးများတိုက်ကျွေးခြင်းကို ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ကလေး(၉၆)ဦးနှင့် ရခီဖူး၊ မရားတန်း၊ ရီဒမ်း၊ ဖုလွမ်း၊ နုဝမ်ကောင်၊ ဝခယ်၊ ချွမ်တိမ်းနှင့် မကာထကျေးရွာများရှိကလေး( ၇၃)ဦး စုစုပေါင်း ကလေးငယ်(၁၆၉)ဦးအား အသက် အရွယ်အလိုက် သံချဆေးနှင့် (Vitamin A) ဆေးများ တိုက်ကျွေးခြင်းနှင့် ကလေးမိဘများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ခေါင်လန်ဖူးမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းတို့က ဆောင်ရွက်ခဲ့ကြသည်။
ကျန်ရှိသည့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်လည်း အသက် အရွယ်အလိုက် ကလေးငယ်များအား သံချဆေးနှင့် (Vitamin A) ဆေးများ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီ ထံမှ သိရသည်။
"အခုလို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများသို့ ကွင်းဆင်း၍ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနှင့် ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များတွင် သံကောင်၊ တုတ်ကောင်များကြောင့် ဖြစ်ပေါ်တတ်သည့်ရောဂါများ အပါအဝင် အခြားသော ကူးစက်ရောဂါများအကြောင်း၊ ဗီတာမင်အေချို့တဲ့ရင် အမြင်အာရုံချို့တဲ့တယ်ဆိုတဲ့ ကျန်းမာရေး အသိပညာများ ရရှိစေပါတယ်" ဟု ဒေသခံကလေးမိခင်တစ်ဦးမှ ပြောကြားခဲ့သည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


