မကွေး  ၂၆   ဇွန် 


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျင်းပမည့် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် ကြိုးစားနေသည့် မြေယာခွန်ဥပဒေမူကြမ်း၌ မြေယာခွန်နှုန်းထားကို ခေတ်ကာလနှင့်လျော်ညီအောင် ယခင်နှုန်းထားထက် အဆနှစ်ရာတိုးမြှင့်ထားကြောင်း မကွေးတိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီမှ သိရသည်။


ယခင်က သီးနှံတစ်ဧက မြေယာခွန်မှာ အနှိမ့်ဆုံး ၂၅ ပြားမှ အမြင့်ဆုံး ၅ ကျပ်ထိရှိခဲ့ပြီး ဥပဒေမူကြမ်း၌ တစ်ဧက (၅၀)ကျပ်မှ အမြင့်ဆုံး(၁၀ဝ၀)ကျပ်အထိ အဆ ၂၀ဝ တိုးမြှင့်ထားကြောင်း ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (မကွေးတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း က ပြောသည်။


“အခုပြင်ဆင်တဲ့ နှုန်းထားကလည်း ပြည်သူတွေ အနေနဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်တဲ့ နှုန်းထားဖြစ်အောင် ကျွန်တော်တို့ ကြိုးစားထားပါတယ်။ လက်ရှိမြေယာခွန်နှုန်းထားက ခေတ်ကာလနဲ့ မကိုက်ညီတော့ဘူး။ အခွန်ကောက်တဲ့သူတွေက အခွန်က တစ်မတ်တို့၊ ငါးမူးတို့၊ တစ်ကျပ်တို့ဆိုတော့ စိုက်ပေးလိုက်ကြတယ်။ စိုက်ပေးတော့ တောင်သူတွေက မြေခွန်ပြေစာတွေ မရဘူး။ တစ်ကယ်တမ်း ပြသနာတွေ ဖြစ်လာတဲ့အခါကျတော့ ပြေစာက တောင်သူ့လက်ထဲ မရှိဘူး။ ဒါကလည်း တောင်သူ့အတွက် အခက်အခဲတစ်ခုပေါ့” ဟု ဦးဇော်မျိုးဝင်း က ပြောသည်။


မြေယာခွန်နှုန်းနှင့် သက်ဆိုင်သည့် ဥပဒေအပြောင်းအလဲကို ယခင်အစိုးရလွှတ်တော်သက်တမ်း၌ မွန်ပြည်နယ် လွှတ်တော်က စတင်ပြုလုပ်ခဲ့ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ဥပဒေနှင့်အညီ မြေယာခွန်များကောက်ချင်ကြောင်း မွန်ပြည်နယ်မှ ပြည်ထောင်စုသို့ စာဖြင့်တင်ပြခဲ့ကြောင်း သိရသည်။


“ဒါက ပြည်နယ်တစ်ခုထဲလုပ်ဖို့ မသင့်တော်ဘူး။ တိုင်းနဲ့ပြည်နယ်အားလုံး တစ်ပြေးညီဖြစ်သင့်တယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်အားလုံး မြေယာခွန်ဥပဒေ ရေးဆွဲဖို့ဆိုပြီးတော့ ပြည်ထောင်စုက ညွှန်ကြားလာပါတယ်။ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ရေးဆွဲနေပါပြီ။ လောလောဆယ် ဆွဲပြီးသွားတာက ကချင်၊ ကရင်၊ မွန် နဲ့ ကယားပြည်နယ်တွေပါ" ဟု မကွေးတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း က အတည်ပြု ပြောကြားသည်။


မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေမူကြမ်းကို သက်ဆိုင်ရာဌာနများ၊ လူထုအသံများကို နားထောင်ပြီး ပြင်ဆင်ဖြည့်စွက် အတည်ပြုပြဌာန်းနိုင်ရန် ပခုက္ကူမြို့၊ အောင်လံမြို့နှင့် မကွေးမြို့များတွင် မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ (မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ပြည်သူလူထုကြားနာပွဲ) များကို ဇွန်လအတွင်း လုပ်ဆောင်ခဲ့ကြောင်း ဥပဒေရေးဆွဲရေး ကော်မတီမှ သိရသည်။


ဇေယျတု(မကွေး)