ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်း အခြေခံတန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု  နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် မြင်စိုင်း အနောက်ရပ် ဆင်ဖြူချပ်ပရဟိတဘုန်းတော်ကြီးကျောင်း၌  ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်ဒေသကြီး ဦးစီးမှူး ဦးဝင်းဗိုလ်တို့က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးတို့အတွက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ အခမဲ့သင်ကြားပေးမည့်အခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြပြီး

 သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း မိတ်ဆက်ကြသည်။

 

အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက အခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာ ဘာသာရပ်များကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိလည်းကောင်း၊ ဦးစီးမှူး ဒေါ်အိကေသွယ်နှင့် ဒေါ်နွယ်နီအောင်တို့က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုမွမ်းမံသင်တန်းဆိုင်ရာ ဘာသာရပ်များကို  ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိအလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း တွင်ထူးချွန်သူ(၅)ဦးကို ရွေးချယ်၍ တန်ဖိုးငွေကျပ် ၁၀ သိန်းနှင့် ညီမျှသည့်စက်ပစ္စည်းများနှင့် တန်ဖိုးငွေကျပ် ၂ သိန်းနှင့်ညီမျှသော ပစ္စည်းများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)