ရန်ကုန် ၃၀ ဩဂုတ်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့်က တိုင်းရင်းသူအမျိုး သမီးငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(၄၅)ကျောင်းတွင် အိမ်တွင်းမှုပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ အခြေခံအိမ်တွင်းမှုစက်ချုပ် သင်တန်းနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအောင်မြင်ပြီးသည့် သင်တန်းသူ (၈၆၅၆၀)အနက် (၂၆၂၇)ဦးကို ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းများ သင်ကြားပေးခဲ့ပြီး ရန်ကုန် အထည်ချုပ်စက်ရုံ (၂၉)ရုံ၌ (၂၅၄၄)ဦးဝင်ရောက်အလုပ်လုပ်ကိုင် လျက်ရှိကြောင်း။
ယခုသင်တန်းတွင် တိုင်းရင်းသူ (၁ဝဝ)အား ဩဂုတ် ၅ ရက်မှ ၃၀ ရက်အထိ အခမဲ့ လေ့ကျင့်သင်ကြားပေးပြီး မြန်မာနိုင်ငံလုပ်သား ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဌာန်းရေးအဖွဲ့ (NSSA) မှ တာဝန်ရှိသူများက လာရောက်စစ်ဆေး၍ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် အထည်ချုပ်စက်ရုံလုပ်ငန်း ရှင်များက ကိုယ်တိုင်လာ ရောက်၍ သင်တန်းသူများ၏ လုပ်ငန်းကျွမ်းကျင်မှုကိုစစ်ဆေးပြီး သင်တန်းသူ(၁၀ဝ)ကို အထည်ချုပ်စက်ရုံ(၃)ရုံ၌ လုပ်ငန်းတာဝန်များ ခန့်အပ်ပေးခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့်က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနသို့ သင်တန်းဆင်းတိုင်းရင်းသူများကို လွှဲပြောင်းအပ်နှံပေးသည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားအသိမှတ်ပြုကတ်ပြားများအား သင်တန်းဆင်းတိုင်းရင်းသူများ ထံပေးအပ်ပြီး၊ အထည်ချုပ်စက်ရုံများမှ သင်တန်းဆင်းတိုင်းရင်းသူ များအား ထောက်ပံ့ ငွေများပေးအပ်သည်။ ထို့နောက် သင်တန်းဆင်းတိုင်းရင်းသူတစ်ဦး ကကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


