ချီဖွေ ၆ ဇူလိုင်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွက် ထောက်ပံ့ရေး ရိက္ခာများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဥက္ကပ်ရပ်ကွက် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာလအတွက် ထောက်ပံ့ရေး ရိက္ခာများ ပေးအပ်လှူဒါန်းရာတွင် ဒိုင်ဖိန်း လူမှုရေးလုပ်ငန်း (Dai Fin Social Services Organization) အဖွဲ့မှ ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်မှ အိမ်ထောင်စု ၂၀၊ ရစ်လောခေါင် ရပ်ကွက်မှ အိမ်ထောင်စု ၂၅ စု၊ ဘာလဲ့ဒမ်ရပ်ကွက်မှ အိမ်ထောင်စု (၂၅) စုစုပေါင်း အိမ်ထောင်စု ၇၀ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ၊ ဘီစကစ်မုန့် ၂ ထုပ်၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်နှင့် ငါးသေတ္တာ ၅ ဘူး တို့ကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ လှူဒါန်း ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ရိက္ခာများ ဖြစ်သည့် ချီဖွေမြို့ပေါ် ရှိ ရပ်ကွက် သုံးရပ်ကွက်အတွက် ဆန်အိတ် ၇၀၊ ဆီဘူး ၇၀၊ ပဲပိဿာ ၇၀၊ ဘီစကစ်မုန့် အထုပ် ၁၄၀၊ ခေါက်ဆွဲခြောက်ထုပ် ၇၀ဝ၊ ငါးသေတ္တာဘူး ၃၇၀ တို့ကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာ ဒေသခံပြည်သူများထံသို့လည်း ထောက်ပံ့ရေး ရိက္ခာများ ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်မာဝင်း (ပြန်/ဆက်)


