ချီဖွေ ၁၅ သြဂုတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လ (၁၄) ရက် နံနက်(၉) နာရီတွင် မြို့ပေါ်ဥက္ကပ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်အထိ ကလေးများ အား ဗီတာမင်(Vitamin-A)ကိုလည်းကောင်း၊ အသက် (၂)နှစ်မှ (၉)နှစ်အထိ ကလေးများ အားသန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးမတိုက်ကျွေးမီ ကလေးမိဘများအား အာဟာရဖွံ့ဖြိုးရေးအတွက် တိုက်ကျွေးသင့်သည့် အစားအစာများ၊ အိုင်အိုဒင်း ချို့တဲ့ရောဂါ အသိပညာပေး၊ သွေးလွန်တုပ်ကွေး မဖြစ်ပွားစေရေးအတွက် အသိပညာပေး ပြောကြားပြီး ကလေးများအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ လက်မောင်း လုံးပတ် (cm)တိုင်းတာခြင်း၊ အသက်(၆)လမှ(၁၁)လအထိ ကလေးများအား ယူနစ်တစ်သိန်းအား (Vitamin-A) အပြာ တစ်လုံး၊ အသက် (၁၂)လမှ (၅)နှစ်အထိ ကလေးများအား ယူနစ် နှစ်သိန်းအား (Vitamin-A) အနီတစ်လုံးနှင့် အသက် (၂) နှစ်ပြည့်ပြီးကလေးငယ်များအား (Albendazole) သန်ချဆေး တစ်လုံး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုအဆင့်(၁) ဒေါ်ဝင်မာလေး၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဘောမ်ဝမ်နှင့် ကြီးကြပ်-၂ ဆရာမများ၊ အရန်သားဖွားဆရာမများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် လူစုလူဝေးမဖြစ်စေဖို့ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရာချပေးထားခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel) များ၊ လက်ဆေးဆပ်ပြာနှင့် လက်ဆေးရန်နေရာ ဆောင်ရွက်ထားရှိကာ ဥက္ကပ်ရပ်ကွက်အတွင်း ကလေးငယ် ၅၃ ဦးအား (Vitamin-A) နှင့် သံချဆေးလုံး တိုက်ကျွေးပေးခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် စုရပ်နေရာများတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လုပ်ငန်းများကို သြဂုတ်လ (၁၄) မှ (၂၆) ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရှိရသည်။
နန်းမြင့် ၊ဇင်မာဝင်း (ပြန်/ဆက်)