ချီဖွေ ဩဂုတ် ၂၀
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ် ၁၉ ရက်က ဈေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဒီးဆီ၊ မြို့နယ် လျှပ်စစ်ဦးစီးမှူး ဦးခင်မောင်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးသီဟအောင်တို့က ဈေးဆိုင်ခန်းရှင်များနှင့် တွေ့ဆုံ၍ မြို့မဈေးအတွင်း မီးလောင်မီးလှန့်မှု မဖြစ်ပွားစေရန်အတွက် ဈေးဆိုင်ခန်းများ၊ ဈေးအဆောက်အဦများ၊ မီးအသုံးပြုလျက်ရှိသော ခေါက်ဆွဲဆိုင်၊ အကြော်ဆိုင်များ မီးဘေးသတိမှုရေး၊ အရေးပေါ် အသုံးပြုရန်အတွက် မီးသတ်ရေကန်များ ရေအမြဲ ဖြည့်တင်းထားရှိစေရေးနှင့် လျှပ်စစ်ကြိုးများ စနစ်တကျ သွယ်တန်းထားရှိရေး၊ ဈေးစောင့်များ၊ ဈေးသူ ဈေးသားများမှ မီးပေါ့ဆမှု မဖြစ်ပွားစေရေး၊ ဈေးမီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးခဲ့ကြောင်း သိရသည်။
မေခမွန်(ပြန်/ဆက်)