ချီဖွေ ၆ ဇူလိုင်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ချီဖွေမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းဌေးမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း သိရှိပြီး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်၊ နာမကျန်း တိရစ္ဆာန်များကို ဆေးကုသမှုပြုလုပ်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ကူးစက်ရောဂါဖြစ်ပွားပြီး သေဆုံးပါက သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆောလျင်စွာ သတင်းပေးပို့နိုင်ရန်၊ GAHP ကဲ့သို့ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို သိရှိလိုက်နာဆောင်ရွက်ပြီး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ဒေသတွင်းအသားစားသုံးမှု ဖူလုံစေရန်၊ တစ်နိုင် တစ်ပိုင်မှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန်နှင့် မွေးမြူရေး တောင်သူများ လူမှုဘဝ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ဝေသော ကောင်းမွန်သော မိရိုးဖလာ ဝက်မွေးမြူရေးနည်းလမ်း၊ ကြိုတင်သတိပြုစရာ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျား ဝက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ချီဖွေမြို့နယ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းအထောက်အကူပြု ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာနှင့် သင်တန်းသား သင်တန်း သူ ၁၀ ဦးတက်ရောက်၍ သင်တန်းကို ဇူလိုင်(၅) ရက်နေ့မှ ဇူလိုင် (၉)ရက်နေ့ထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ် ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရှိရသည်။
ဇင်မာဝင်း (ပြန်/ဆက်)


