မန္တလေး ၃ နိုဝင်ဘာလ


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်ကျော်စျေးရှိ စျေးသည်တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ယင်းစျေးမှ ထိစပ်စျေးဆိုင်ခန်း ရှစ်ခန်းကို ယာယီပိတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“ထိစပ်စျေးသည်တွေအားလုံး Quarantine ဝင်နိုင်ဖို့ ချက်ချင်းလုပ်နေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ထို့အပြင် စျေးသည်များအားလုံးကိုလည်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အတိုင်း နှာခေါင်းစည်းတပ်ရန်၊ စနစ်တကျလက်ဆေးရန် အပါအဝင် ညွှန်ကြားချက်များကို လိုက်နာရန် ဖိဖိစီးစီး လုပ်ဆောင်နေသည်ဟု ဆိုသည်။

ပြည်ကျော်စျေးသည် မန္တလေးမြို့ရှိစျေးများအတွင်း ရှစ်ကြိမ်မြောက် ပိုးတွေ့ရှိသည့် စျေးဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ကလည်း  ၄၁ လမ်း ကုန်စိမ်းတန်း ညစျေးမှာ ပိုးတွေ့ရှိသူ ခုနစ် ဦးရှိခဲ့သဖြင့် ဆိုင်ခန်းပေါင်း ၁၃၁ ခန်းကို ယာယီပိတ်ထားကြောင်း သိရသည်။

ဖြိုးအိ