မန္တလေး ၉ အောက်တိုဘာ
ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိပ်ပိတ်ခြင်းကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါရုံးတွင် ပြုလုပ်သည်။
ကြိုတင်ဆန္ဒမဲပုံးများ ချိတ်ပိတ်ရာတွင် မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်သင်းနွဲ့နွဲ့ဖေ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ချမ်းအေးသာစံ မြို့နယ်မဲဆန္ဒနယ်မြေရှိ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြည်တွင်း ပြည်ပကြိုတင် မဲဆန္ဒရှင်များ၏ မဲလက်မှတ်များ ထည့်သွင်းမည့် ကြိုတင် ဆန္ဒမဲပုံးများအား ချိပ်ပိတ်ဆောင်ရွက်မည့် အကြောင်း ရှင်းလင်းပြောကြားပြီး ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် တာဝန်ရှိသူများ အားလုံးရှေ့ မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးကို ချိပ်ပိတ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသူများသည် ပုံစံ(၁-၁) မဲဆန္ဒနယ် ပြင်ပ(ပြည်တွင်း) ကြိုတင်မဲပုံး၊ ပုံစံ(၁-၃) မဲဆန္ဒနယ် ပြင်ပ(ပြည်ပ)ကြိုတင်မဲပုံး ချိပ်ပိတ်ထားသည်များကို စစ်ဆေးကြည့်ရှုကြပြီး တက်ရောက် လာသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိလိုသည့် မေးမြန်းချက်များနှင့် အကြံပြုချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။
မောင်ပြည်သူ(မန္တလေး)


