နေပြည်တော် ၁၇ စက်တင်ဘာ

 

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး(၂)၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးသန်းဌေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြခဲ့ပါသည်။

 

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မိဘ ပြည်သူများခင်ဗျား -

 

ကျွန်တော်ကတော့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၂) ဦးဦးသန်းဌေး ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ မဲဆန္ဒရှင် တိုင်းရင်းသားမိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

 

ပါတီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရည်ရွယ်ချက်

 

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွင်းလျှောက်ထားခဲ့ရာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ(၉)ရက်နေ့မှစ၍ မှတ်ပုံတင်ခွင့်ပြုခဲ့ကာ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီရဲ့ မှတ်ပုံတင် အမှတ်မှာ (၃၇) ဖြစ်ပါတယ်။ ကျွန်တော်တို့ ခမီလူမျိုးစု တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ အဓိက ပျံ့နှံ့နေထိုင်ကြ ပြီးတော့ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ခဲ့တဲ့ လူမျိုးစုဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းခြမ်းမှ လူမျိုးစုပါတီငယ်တစ်ခုဖြစ်ပြီး နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ အခြားသော ပြည်ထောင်စုဖွား တိုင်းရင်းသားများနဲ့အတူ တန်းတူညီမျှ တရားမျှတ လွတ်လပ်ခံစားခွင့်ရရှိ ရေးအတွက် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခမီလူမျိုးစုများအနေဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ (Civil and Political Rights ) တန်းတူညီမျှရေး လိုလား သည့်အတွက် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖွဲ့စည်းတည်ထောင် ကြရခြင်းဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေတ်ရေစီး ကြောင်းအခြေအနေ အချိန်အခါအရ မိမိတို့ ခမီလူမျိုးတွေရဲ့ National Identity (ခေါ်) အမျိုးသားအမှတ်အသားလက္ခဏာ မပျောက်ပျက်အောင် ထိန်းသိမ်း ကာကွယ်ရန်အလို့ငှာ နိုင်ငံရေးပါတီအဖြစ် တည်ရှိလာရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးချုပ်ကတော့ အမှတ်(၁၄၄)၊ ဆင်ကူးလမ်း၊ အကွက်(၁)ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် မှာ ဖွင့်လှစ်ထားပါတယ်။

 

ပါတီမူဝါဒများ

 

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီမူဝါဒကတော့ (၄)ချက် ရှိပါတယ် -

 

(၁) ကမ္ဘာ့နိုင်ငံများအလယ်၌ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ထာဝရခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန်။

(၂) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာ ဖော်ဆောင်ကြရာတွင် တိုင်းရင်းသား အချင်းချင်း လက်တွဲဆောင်ရွက်ရန်။

(၃) ခမီလူမျိုးစုတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး အခြားသော လူမျိုးစုများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများကိုလည်း အားပေးကူညီသွားရန်။

(၄) မိမိတို့၏ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နှင့်လျော်ညီစွာ တီထွင်လေ့ကျင့် ပြုစုပျိုးထောင်မှုများ ဆောင်ရွက်ရန်။

တို့ ဖြစ်ပါတယ်။

 

ပါတီ၏ ရှေ့လုပ်ငန်းစဉ် အခြေခံမူများ

 

ဆက်လက်ပြီး ပါတီရဲ့ မူဝါဒအပေါ် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ် အခြေခံမူများကတော့

(၁) ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးအားလုံးသည် နိုင်ငံတော်၏အချုပ် အခြာအာဏာပိုင်ဖြစ်သော တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုအားဖြင့် ကမ္ဘာ့အလယ်တွင် ခိုင်မာစွာ ရပ်တည်သွားနိုင်ရေး ဆောင်ရွက်ရန်။

 

(၂) ပါတီစုံဒီမိုကရေစီဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူရှိမှု၊ အပြန်အလှန်လေးစားမှု၊ ပုဂ္ဂိုလ်ရေးပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အခြေခံ၍ ဆောင်ရွက်ရန်။

(၃) မိမိလူမျိုးစုနှင့် အခြားတိုင်းရင်းသားလူမျိုးစုများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အားသွန်ခွန်စိုက် ဆောင်ရွက်ရန်။

(၄) ပထဝီဒေသကွဲပြားခြားနားမှုအရ လူမျိုးအမည်နာမ အမျိုးမျိုးကွဲပြားနေသော မိမိတို့လူမျိုးစုများအား တစုတစည်းတည်းဖြစ်အောင် ဆောင်ရွက် သွားရန်။

 

(၅) မိမိတို့ လူမျိုးစုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက အခြားသော တိုင်းရင်းသား လူမျိုးစုများနှင့်ဖြစ်စေ၊ အခြားသော တိုင်းရင်းသားအဖွဲ့ အစည်းနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်သွားရန်တို့ဖြစ်ပါတယ်။

 

အထက်က ကျွန်တော့်အနေနဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီဖွဲ့စည်းရခြင်း၊ ရည်ရွယ်ချက်၊ ပါတီမူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များကို အကျဉ်းချုပ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ဆက်လက်ပြီးတော့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံ (သို့မဟုတ်) ခမီအမျိုးသားအလံတော်နှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ သင်္ကေတ (Logo) ကို တင်ပြသွားမည် ဖြစ်ပါတယ်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံတော်ကို အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင် အရောင်(၃)မျိုးဖြင့် အချိုးညီစွာ အလျားလိုက် ကန့်လန့်ဖြတ် ရောစပ်ထားပြီး အထက်ကွက်မှာ အပြာရောင်၊ အလယ်ကွက်မှာ အဖြူရောင်နဲ့ အောက်ခြေမှာတော့ အစိမ်းရောင် ဖြစ်ပါတယ်။ အလံတော်ရဲ့ အထက်ကွက် အပြာရောင် လက်ဝဲဘက်ထောင့်မှာ အနီရောင် မိုးသောက်ကြယ်ပြောင်တစ်လုံး ပါပါတယ်။ ၎င်းမိုးသောက် ကြယ်ပြောင်ကို ခမီလူမျိုးတို့က “မခီအာ့ဆီမ်လ်” ခေါ်ပါတယ်။

အလံတော်ရဲ့ အပြာရောင် အဓိပ္ပာယ်ဟာ မိုးကောင်းကင်ကို ရည်ညွှန်းပြီး အေးချမ်းတည်ငြိမ်သော သဘောကိုဆောင်ပါတယ်။ မိုးသောက်ကြယ်ပြောင် အနီရောင်ကတော့ ရဲရင့်တက်ကြွ ပြတ်သားခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အဖြူရောင်ကတော့ စိတ်ဓာတ်ဖြူစင်ခြင်းကို ညွှန်းဆိုပြီး ဖြူစင်ရိုးသားဖြောင့်မတ်ခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အလံတော်ရဲ့ အောက်ခြေ အစိမ်းရောင် ကတော့ ကမ္ဘာမြေကြီးကို ညွှန်းဆိုပြီး စိမ်းလန်းစိုပြည် တည်ငြိမ်သန့်ရှင်းခြင်း အဓိပ္ပာယ်ကို ဆောင်ပါတယ်။

 

ပါတီ၏အထိမ်းအမှတ်တံဆိပ်

 

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထိမ်းအမှတ်တံဆိပ်ကတော့ ခမီဘာသာစကားနဲ့ “ဝမယက်” ခေါ်ပြီး မြန်မာလိုတော့ ငှက်ဝါဖြစ်ပါတယ်။ နောက်ခံအပြာရောင်နဲ့ သစ်ကိုင်းပေါ် မှာနားနေတဲ့ ငှက်ဝါပုံကို ဖော်ထားပါတယ်။ တည်ကြည်ခြင်း၊ အေးချမ်းခြင်း သဘောကို ဆောင်ပါတယ်။

 

ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ဆောင်ပုဒ်

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ကျင့်သုံးနေတဲ့ ပါတီဆောင်ပုဒ်ကတော့ “စုပေါင်း ဆွေးနွေး တစ်ဦးချင်းတာဝန်ယူ” ဖြစ်ပါ တယ်။

 

ချစ်ခင်လေးစားအပ်သော ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား -

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် (၃)မြို့နယ်အတွင်းမှာ အမျိုးသား လွှတ်တော်(၁)နေရာ၊ ပြည်သူ့လွှတ်တော်(၁)နေရာနှင့် ပြည်နယ်အမှတ်(၁)မဲဆန္ဒနယ် (၁)နေရာ ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ အရွေးချယ်ခံမည့် မြို့နယ်နှင့် ကိုယ်စားလှယ်လောင်းများကတော့ မြောက်ဦးမြို့နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မှာ ဦးဖြူထွန်း၊ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဦးထွန်းလှကျော်နှင့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ဦးကံစိန်တို့ပဲ ဖြစ်ပါတယ်။

 

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများနဲ့ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင် တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ ခင်ဗျား -

 

ကျွန်တော်တို့ ခမီလူမျိုးစုများဟာ ရခိုင်ပြည်မှာ နောင်တော် ရခိုင်လူမျိုးများနဲ့ ရှေးပဝေသဏီကတည်းက မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ သမိုင်းရှည်ကြာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ ဆွေမျိုးရင်းချာ ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ ဒီကနေ့ ပါတီစုံဒီမိုကရေစီစနစ်တွင် ရခိုင်ပြည်တွင်း မှီတင်းနေ ထိုင်ကြတဲ့ ရခိုင်ပြည်ဖွား ညီအစ်ကိုတိုင်းရင်းသားလူမျိုးစုများအားလုံး ငြိမ်းချမ်းသာယာ စည်ပင်ဝဖြိုးစေဖို့အတွက် စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ရှိရေး တစ်ဦးနှင့်တစ်ဦး လူမျိုးစု တစ်စုနဲ့တစ်စု ရိုင်းပင်းကူညီဖေးမ, ဆောင်ရွက်ရေးဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

 

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ သမိုင်းပေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းတွေမှာ ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ ရခိုင်မျိုးနွယ်စုဝင် လူမျိုးစုငယ်ပါတီတစ်ခုဖြစ်သည့် အားလျော်စွာ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွားများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခွင့် ရရှိရေးအတွက် ငှက်ဝါအမှတ်တံဆိပ်ဖြစ်တဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဆန္ဒမဲပေးအားပေးဝန်းရံ ပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

 

ကျွန်တော်တို့ ရခိုင်ပြည်နယ်သူ/သား မဲဆန္ဒရှင် မိဘပြည်သူ ညီအစ်ကို မောင်နှမများနဲ့တကွ ပြည်ထောင်စုတစ်ဝန်းညီနောင်တိုင်းရင်းသားများအားလုံး ဘေးဘယာဝေးကွာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

mdn