ဟားခါး ၁၉ ဧပြီ

 

ချင်းပြည်နယ် COVID-19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ၉/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ဧပြီ ၁၉ ရက် ၁၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် COVID-19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ​ကော်မတီအတွင်း​ရေးမှူး လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်း​အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ တွဲဘက်အတွင်း​ရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးတိုးဝင်းနှင့် ဖိတ်ကြားထား​သော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်​ရောက်ခဲ့​ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တီးတိန်မြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်း COVID-19 ​ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ​ဆောင်ရွက်နိုင်​ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝကို ဒေသနှင့်ကိုက်ညီပြီး အမှန်တကယ် ​စောင့်​ရှောက်နိုင်​အောင် စီမံ​ဆောင်ရွက်နိုင်​ရေး ​ဆွေးနွေးအကောင်အထည်​ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ​ပြောကြားသည်။ 

 

ယင်း​နောက် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်း​အောင်နှင့် တွဲဖက်အတွင်း​ရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးတိုးဝင်းတို့က ချင်းပြည်နယ်အတွင်း Community Based Facility Quarantine ​ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိပြီးမှု အ​ခြေအ​နေများ၊ Quarantine ထားရှိသူ ဦး​ရေ၊ ပြန်လည်စေလွှတ်သူဦးရေ၊ Quarantine ထားရှိသူများအား ကျန်းမာ​ရေးစစ်​ဆေး ​စောင့်ကြည့်မှုနှင့် အခြားသော ​ဆောင်ရွက်ရန်လုပ်ငန်းကိစ္စများ ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေတို့ကို လည်ကောင်း၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံက ကန့်သတ်စောင့်ကြည့်နေသူများအနက် ယနေ့ထိ ဓာတ်ခွဲစစ်ဆေးပြီးစီးမှု အခြေအနေများ၊ ရောဂါထိန်းချုပ် ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ထို့​နောက် ချင်းပြည်နယ် COVID-19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​ကော်မတီက နယ်မြေအလိုက် တာဝန်ခွဲ​ဝေပေးထား​သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မိမိနယ်​မြေ​ဒေသအလိုက် ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း​ဆောင်ရွက်​နေမှု ရှင်းလင်းတင်ပြချက်များအ​ပေါ် ဖြည့်စွက်​ဆွေးနွေးခြင်း၊ အကြံပြု​ဆွေး​နွေးချက်များနှင့် ​ဒေသလုပ်ငန်းလိုအပ်မှု တင်ပြချက်များအ​ပေါ် ပေါင်းစပ်ညှိနှိုင်း​ပေးခြင်းများ​ဆောင်ရွက်ခဲ့​သည်။

 

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအကျိုးကို ရှေးရှု၍ ဧပြီ ၁၇ ရက်မှစ၍ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၀ ဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက် (၆)ချက်ကို ထုတ်ပြန်ထားရှိပြီး တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး အနေဖြင့်လည်း ကပ်တဲလ်ကျေးရွာအတွင်း တားမြစ်ကန့်သတ်အမိန့် ထုတ်ပြန်ထားလျက်ရှိကြောင်း၊ အလားတူ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဧပြီ ၁၇ ရက်မှစ၍ တီးတိန်မြို့ နယ်နိမိတ်ဧရိယာအတွင်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိပြီး ကပ်တဲလ်ကျေးရွာ အပါအဝင် တီးတိန်မြို့နယ်အား အသွားအလာ ကန့်သတ်မှုများ တင်းကြပ်စွာဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရန် လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး (ပြန်/ဆက်)