ဟားခါး ၁၉ ဧပြီ
ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၉/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၉ ရက် ၁၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ တွဲဘက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ဖိတ်ကြားထားသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တီးတိန်မြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝကို ဒေသနှင့်ကိုက်ညီပြီး အမှန်တကယ် စောင့်ရှောက်နိုင်အောင် စီမံဆောင်ရွက်နိုင်ရေး ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က ချင်းပြည်နယ်အတွင်း Community Based Facility Quarantine ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိပြီးမှု အခြေအနေများ၊ Quarantine ထားရှိသူ ဦးရေ၊ ပြန်လည်စေလွှတ်သူဦးရေ၊ Quarantine ထားရှိသူများအား ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုနှင့် အခြားသော ဆောင်ရွက်ရန်လုပ်ငန်းကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လည်ကောင်း၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံက ကန့်သတ်စောင့်ကြည့်နေသူများအနက် ယနေ့ထိ ဓာတ်ခွဲစစ်ဆေးပြီးစီးမှု အခြေအနေများ၊ ရောဂါထိန်းချုပ် ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နယ်မြေအလိုက် တာဝန်ခွဲဝေပေးထားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မိမိနယ်မြေဒေသအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုဆွေးနွေးချက်များနှင့် ဒေသလုပ်ငန်းလိုအပ်မှု တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခြင်းများဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအကျိုးကို ရှေးရှု၍ ဧပြီ ၁၇ ရက်မှစ၍ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၀ ဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက် (၆)ချက်ကို ထုတ်ပြန်ထားရှိပြီး တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး အနေဖြင့်လည်း ကပ်တဲလ်ကျေးရွာအတွင်း တားမြစ်ကန့်သတ်အမိန့် ထုတ်ပြန်ထားလျက်ရှိကြောင်း၊ အလားတူ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဧပြီ ၁၇ ရက်မှစ၍ တီးတိန်မြို့ နယ်နိမိတ်ဧရိယာအတွင်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိပြီး ကပ်တဲလ်ကျေးရွာ အပါအဝင် တီးတိန်မြို့နယ်အား အသွားအလာ ကန့်သတ်မှုများ တင်းကြပ်စွာဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရန် လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)