ဟားခါး ၁၄ ဇူလိုင်
ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းရှင်များပူးပေါင်း၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၁၉)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၀၂၀-၂၀၂၅ အား ရှင်းလင်းတင်ပြပြီး လုပ်ငန်းလိုင်စင်ဆိုင်ရာ အမှာစာများဖတ်ကြားရာ ကော်မတီက ဆုံးဖြတ်အတည်ပြုသည်။
ဆက်လက်ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဟိုတယ်တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ချင်းပြည်နယ်အတွင်း ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းရှင်များက ဟိုတယ်မြေနေရာဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြပြီးနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ခရီးသွားလုပ်ငန်းဆောင်ရွက်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အစိုးရအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


