ဟားခါး ၁၃ စက်တင်ဘာ
ချင်းပြည်နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေး မှူး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ ပြည်နယ် လူမှုရေး ဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးတိုးဝင်းနှင့် ကော်မတီဝင်များ၊ ၊ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးတိုးဝင်းက ရောဂါဖြစ်ပွားသည့် ဒေသမှ ဝင်ရောက်လာသည့် ခရီးသည်များအား စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြစေရန်နှင့် တရားဝင် ဖွင့်လှစ်ထားသည့် ရိဒ်၊ ခင်မန်းစသည့် နယ်စပ် ဝင်ပေါက်ဂိတ်များတွင် စနစ်တကျ စစ်ဆေးရန်တို့ကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရုံး ၊ ဌာနများသို့ ပြင်ပပုဂ္ဂိုလ်များ ဝင်ရောက်ခွင့် မပြုရန်နှင့် စာများပေးပို့ရာတွင် စာပေး၊ စာယူဌာနနှင့်သာဆက်သွယ်ဆောင်ရွက်စေရေး၊ ယာဉ်လိုင်း များက ခရီးသည်များ၏အချက် အလက်အပြည့်အစုံနှင့်ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေး ကြသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က ညမထွက်ရ ဒေသန္တရ အမိန့်သက်တမ်းတိုးထုတ်ပြန်ရန် ၊ ရောဂါဖြစ်ပွားသည့်ဒေသမှ ဝင်ရောက်သူများ မဖြစ်မနေ Quarantine ဝင်ရောက်ရေး စစ်ဆေးကြပ်မတ်ရန်၊ Quarantine ဝင်သူများအား ကျန်းမာရေးနှင့် ညီညွတ်သောအစား အသောက်များဝယ်ယူ စားသုံးနိုင်ရေး စီစဉ်ပေးရန် ၊ ပြည်နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်းသူများအား အလှည့်ကျ စနစ်ဖြင့် Maskတပ်ဆင်ပြီး ရောင်းချ ဝယ်ယူနိုင်ရေး ဆောင်ရွက်ရန်နှင့် အခြားကုန်တင်ဆောင်ခြင်းများမှ ခရီးသည်ယာဉ်လိုင်းများပိတ်ပါက ကုန်စည်စီးဆင်း မှု မပြတ်တောက်စေရေး အတွက် ကုန်တင်ယာဉ်များအား ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးပြီး သွားလာ ခွင့်ပြုရန်လိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်


