ဟားခါး           ဇူလိုင်         ၁၂

 

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဟားခါး၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဒဇ ဘဒ္ဒန္တပညောဘာသ ထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ချီးမြှင့်တော်မူကြသည်။

 

ထို့နောက် ပင့်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား တာဝန်ရှိသူများနှင့် စေတနာရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဟားခါးမြို့ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ (သာသန တက္ကသီလ မဟာဓမ်မာစရိယ) အရှင်မြတ်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)