ဟားခါး ၂၉ သြဂုတ်
ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲခြင်းနောက်ဆုံးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့တွင် ၂ ရက်ကြာကျင်းပပြုလုပ်ခဲ့ရာ ယနေ့ညနေ ၄ နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ ပါဝင်ဆွေးနွေးသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက် ဆွေးနွေးကြသူများအား ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
“ချင်းပြည်နယ်မှာ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ တောတောင်ရေမြေသဘာဝအလှများ၊ သစ်ပင်ပန်းမန်များ၊ ရှားပါးတိရစ္ဆာန်များ၊ ထူးခြားတဲ့ပထဝီအနေအထားနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းနှင့်အတူ ပြည်တွင်းပြည်ပမှ ခရီးသွားများ ပိုမိုလာရောက်စေရေး၊ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းကို စနစ်တကျဖြင့် ရေရှည်အောင်မြင်စေရေးအတွက် လိုအပ်တဲ့အသိပညာ ဗဟုသုတများ၊ လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည်ဖော်နိုင်ရေး၊ အခြေခံအုတ်မြစ်ဖြစ်တဲ့ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆွေးနွေးပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ချင်းပြည်နယ် ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်က ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရနှင့်လွှတ်တော်အနေဖြင့်လည်း ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ပြည်သူလူထု၏အကျိုးစီးပွားကို အကောင်းဆုံး အထောက်အကူပြု ပံ့ပိုးပေးနိုင်ရေး လူနေမှုဘဝများ ပိုမိုတိုးတက်မြင့်မားလာစေရေး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးအောင်ဖြိုး၏ ပြောပြချက်အရ သိရှိရသည်။
ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၀−၂၀၂၅ စီမံကိန်းရေးခြင်း လုပ်ငန်းအတွက် အကြိုညှိနှိုင်းအစည်းအဝေးများကို ဖလန်းမြို့၊ တီးတိန်မြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များတွင် ဆွေးနွေးခဲ့ကြပြီး ဟားခါးမြို့ Carson Hall တွင် နောက်ဆုံးအဆင့် ၂ ရက်ကြာ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


