ဟားခါး ၁၃ မေ
ချင်းပြည်နယ်မီးသတ်ဦးစီးဌာနကကျင်းပသည့် အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှုနှင့်ကိုင်တွယ်အသုံးပြုမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပြည်နယ်မီးသတ် ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က မီးသတ်တပ်ဖွဲ့ဝင်တိုင်း ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများအား စနစ်တကျ ကိုယ်တွယ်အသုံးပြု၍ ထိရောက်စွာမီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်တတ် စေရေးအတွက်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သတ်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ Myanmar Trillion Group Trading Co;ltd မှ Project Director ဦးမြတ်ကိုက မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဘူးဖြည့်စက်အသုံးပြုနည်းများ၊ ရေဘေး ကယ်ဆယ်ရေးသုံးပစ္စည်းများကိုင်တွယ်အသုံးပြုခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်းများစသည့် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သတ်၍မိတ်ဆက်ရှင်းလင်းပြောကြားသည်။
အဆိုပါ အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှုနှင့် ကိုင်တွယ် အသုံးပြုမှုသင်တန်းသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်၊ ဒုတိယ ပြည်နယ်မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော် ၊ Myanmar Trillion Group Trading Co;ltd မှ Project Director ဦးမြတ်ကိုနှင့်တာဝန်ရှိသူများ၊ ချင်းပြည်နယ် အတွင်းရှိ ခရိုင်၊မြို့နယ်များမှ အရာရှိအဆင့်မီးသတ်ဝန်ထမ်း(၂၀)ဦး ၊ အခြားအဆင့်မီးသတ်ဝန်ထမ်း(၃၄)ဦး၊ စုစု ပေါင်း(၅၄)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၃ ရက် မှ ၁၄ ရက် နေ့အထိ ၂ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN