ဟားခါး စက်တင်ဘာ ၈

 

ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကား ပြောကြားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က မြို့နယ်အလိုက် အခြေခံ စားသုံးကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးအတွက် တပ်မတော်မှ ပံ့ပူးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ချင်းပြည်နယ်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဆလိုင်းလွှန်ဆဝုန်က မြို့နယ်အလိုက် ဆန်၊ ဆီ၊ ဆား၊ ကြန်သွန်၊ အာလူး၊ ပဲ စသည့် အခြေခံစားကုန်များ သက်သာသော စျေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စာရင်းစစ်ရုံးမှ ပြည်နယ်ဦးစီးမှူးများက အခြေခံစားကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချရာတွင် အသုံးပြုမည့် ရန်ပုံငွေများ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဖြစ်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လိုအပ်ချက်များ အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)