ဟားခါး       ဇူလိုင်       ၂၁

 

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် လမ်း၊ တံတား၊ လယ်ယာမြေ များအား ပြန်လည်ကုစားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျီခါးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ သဘာဝဘေးသင့် ပြည်သူများနှင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ကုစားနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇူလိုင် ၁၇ ရက် ညပိုင်းက တွန်းဇံမြို့နယ်၊ ကျီခါးမြို့အနီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီးခါးမြို့၊ ကန်ဆောက်ကျေးရွာနှင့် ခေါဒမ်ကျေးရွာရှိ တောင်သူ ၆၈ ဦး၏ လယ်မြေ ၇၃ ဒဿမ ၉၇ ဧက၊ တောင်ယာမြေ ဒဿမ ၀၈ ဧကနှင့် တံတား တစ်စင်းတို့ ရေကြီးနှစ်မြုပ် ပျက်စီးပြီး  ကျီခါးမြို့နှင့် ကန်ဆောက်ကျေးရွာတွင် နွားမ တစ်ကောင်စီ ပျောက်ဆုံးကာ ကန်ဆောက်ကျေးရွာတွင် ကျွဲ တစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)