ဖလမ်း ၂၉ နိုဝင်ဘာ
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ရန် လျာထားသည့် ဖလမ်းမြို့၊ ရာပြည့်အားကစားကွင်းအနီးနှင့် ကျင်မွာလ်ရပ်ကွက်၊ ဘောလုံးကွင်းများကို ကြည့်ရှုစစ်ဆေးသည်။ ဖလမ်းမြို့တွင် မိုးလုံလေလုံအားကစားခန်းမကို ပေ ၁၂၀ × ၉၀ ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လျာထားလျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့တော်ခန်းမ တည်ဆောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့ပြီး ဖလမ်းမြို့၊ မိုးလုံလေလုံ အားကစားခန်းမကို ကြည့်ရှုစစ်ဆေးသည်။
ဖလမ်းမြို့တော်ခန်းမသည် အိန္ဒိယနိုင်ငံထောက်ပံ့ငွေကျပ် သန်း ၄၆၅ နှင့် ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ GRF ရန်ပုံငွေကျပ် သန်း ၃၈၅ စုစုပေါင်း ကျပ်သန်း ၈၅၀ ကုန်ကျခံကာ Aroma Rose ကုမ္ပဏီက ဆောက်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း ဖော်ဆောင်နိုင်ရေး မြေနေရာများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


