ချင်းရွှေဟော်၊ ၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့တွင်းဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) ဝတ်ဆင်ခြင်းရှိ မရှိ စစ်ဆေးခြင်းများ၊ နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိပါက အခုဝယ်၊ အခုဝတ်စနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ချင်းရွှေဟော်မြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အလှည့်ကျ တာဝန်ယူ၍ နေ့စဉ် နံနက် ၇ နာရီခွဲမှ ညနေ ၆ နာရီအထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွင်လည်းကောင်း၊ မြို့အဝင်(သံတံတားဂိတ်)တွင် လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင်လည်းကောင်း သုံးနေရာထားရှိပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


