ချင်းရွှေဟော် ၂၃ ဇွန်
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယနေ့ နေ့လယ်(၁၂)နာရီတွင် အမျိုးသား(၆၃)ဦး၊ အမျိုးသမီး(၄၃)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၀၆)ဦး ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၀၆)ဦးတို့မှာ ရန်ကုန်တိုင်းဒေသကြီးမှ(၁) ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ (၅၃) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၆) ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၄) ဦး ၊ မကွေးတိုင်းဒေသကြီးမှ(၁၇) ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၀) ဦး ၊ ကချင်ပြည်နယ်မှ(၄) ဦး နှင့် နေပြည်တော်မှ(၁) ဦး တို့ ဖြစ်ကြပြီး ၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ရေသန့်ဘူးများ၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ရောက်ရှိစေနိုင်ရေးအတွက် မော်တော်ယာဉ်များစီစဉ်ပေးပြီး လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၆၆၀၃) ဦး နှင့် အမျိုးသမီး(၅၂၄၉) ဦး တို့ ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁၈၅၂) ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


