ချင်းရွှေဟော် ၂၃   ဇွန် 

 

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယနေ့  နေ့လယ်(၁၂)နာရီတွင်    အမျိုးသား(၆၃)ဦး၊  အမျိုးသမီး(၄၃)ဦး  စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၀၆)ဦး  ထပ်မံ   ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူ(၁၀၆)ဦးတို့မှာ    ရန်ကုန်တိုင်းဒေသကြီးမှ(၁) ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ (၅၃) ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၆) ဦး ၊  ပဲခူးတိုင်းဒေသကြီးမှ(၄) ဦး ၊  မကွေးတိုင်းဒေသကြီးမှ(၁၇) ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၀) ဦး ၊ ကချင်ပြည်နယ်မှ(၄) ဦး နှင့် နေပြည်တော်မှ(၁) ဦး တို့ ဖြစ်ကြပြီး  ၎င်းနေရပ်ပြန်ပြည်သူများအား   ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီ ဉက္ကဌ  မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ရေသန့်ဘူးများ၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ရောက်ရှိစေနိုင်ရေးအတွက် မော်တော်ယာဉ်များစီစဉ်ပေးပြီး   လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်နေ့မှ  ယနေ့အထိ  အမျိုးသား(၆၆၀၃) ဦး နှင့် အမျိုးသမီး(၅၂၄၉) ဦး တို့ ဖြစ်ပြီး  စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၁၈၅၂) ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)