ချင်းရွှေဟော် ၂ ဇူလိုင်
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ၁ ရက် ညနေ ၆ နာရီက ၃၇ ဦးနှင့် ယနေ့ (ဇူလိုင် ၂ ရက်) မွန်းလွဲ(၃)နာရီက ၂၄ ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၆၁)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၁)ဦးတို့မှာ အမျိုးသား(၃၂)ဦး၊ အမျိုးသမီး(၂၉)ဦးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ (၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၀)ဦး၊ ရှမ်းပြည်နယ်မှ (၃၇)ဦးနှင့် နေပြည်တော်မှ (၂)ဦး တို့ဖြစ်ကြပြီး ၎င်းနေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိစေနိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးပြီး လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ဇူလိုင် ၂ ရက်အထိ အမျိုးသား (၆၉၉၂)ဦးနှင့် အမျိုးသမီး (၅၆၃၈)ဦးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ ၁၂၆၃၀ ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


