ခင်ဦး ၂၂ ဇွန်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အသင်း(ရန်ကုန်)အဖွဲ့မှ ဦးဆောင်၍ Science Fair (သိပ္ပံလက်တွေ့စမ်းသပ်ပွဲ) သင်တန်းကို ဇွန် ၂၂ ရက်နေ့ နံနက် ၉ နာရီက ခင်ဦးအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်၊ သိပ္ပံလက်တွေ့ စမ်းသပ်အဖွဲ့ ခေါင်းဆောင် ဒေါ်ဧရာမောင်မောင်(General Manager) တို့က ကျောင်းသား၊ကျောင်းသူများကို သိပ္ပံလက်တွေ့ စမ်းသပ်ချက်များတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်စေခြင်းဖြင့် စာသင်ခန်းများတွင် စာတွေ့သင်ကြားမှုနှင့် မိမိပတ်ဝန်းကျင်တွင်တွေ့ရှိမှုတို့ကို လက်တွေ့ခံစားရမှာဖြစ်ကြောင်း၊ နောင်အတန်းကြီးများ၊ အဆင့်မြင့်နည်းပညာများကို သင်ယူသောအခါဖြစ်စေ၊ လက်တွေ့ အလုပ်လုပ်ဆောင်သောအခါဖြစ်စေ လုံလောက်သော အတွေ့အကြုံများ ရရှိကြမည်ဖြစ်၍ အခြေခံကျောင်းများတွင် သိပ္ပံစမ်းသပ်မှုများ၊ သင်ကြားမှု လက်ဆင့်ကမ်း စီးမံကိန်းများကို ရှင်းလင်းပြောကြာပြီး၊ ခင်ဦးမြို့နယ်အသင်း(ရန်ကုန်) သိပ္ပံစမ်းသပ်မှုများ သင်ကြားမှု လက်ဆင့်ကမ်းစီမံကိန်း အမှုဆောင်ဥက္ကဋ္ဌ ဦးဝေဇင်ဦး က မိမိတို့အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သိပ္ပံလက်တွေ့စမ်းသပ်ပွဲ (Science Fair)ကို ခင်ဦး(အ.ထ.က)ကျောင်း၊ အောင်ချမ်းသာ (အ.လ.က-ခွဲ) ကျောင်း၊ မြကန်သာ (အ.မ.က-မူလွန်)ကျောင်း၊ လောင်းရှည်(အ.လ.က)ကျောင်းများရှိ အခြေခံပညာအလယ်တန်းအဆင့် ပဉ္စမတန်း (Grade-6) ကျောင်းသား၊ ကျောင်းသူ (၂၄၀) ဦးတို့ကို ဒေါ်နီလာထွန်း၊ ဒေါ်နန်းအိခိုင်၊ ဒေါ်အေးသန္တာကျော်၊ ဒေါ်ယမင်းဦး၊ ဒေါ်ဗန်ရွှေပါ၊ ဒေါ်ရီမွန်ဦး၊ ဒေါ်ဆုဝေလင်းထွဋ် တို့က သင်တန်းနည်းပြဆရာမများအဖြစ် တာဝန်ယူ၍ “Circuit” ၊ “Viscosity” ၊ “Lever” ၊ “Heat” ၊ “Solar” ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)
