ခင်ဦး ၁ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာအုပ်စု  လက်ပံကုန်းကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး နိုဝင်ဘာ ၂၄ ရက်က ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီဦးက စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးမည့် အတိုးနှုန်းထားများ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်တိုးတက် စေရေးအတွက် ဆောင်ရွက်ရန် အချက်များနှင့် ရန်ပုံငွေများထုတ်ချေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်၍ လာရောက်ကြရန်နှင့် စနစ်တကျ ထုတ်ချေးကြရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် စီမံကိန်းရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။

 

ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာ၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်း ကြီးကြပ်မှု ကော်မတီမှ တာဝန်ယူ၍ ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်၊ သက်မွေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာတွင် စီမံကိန်းဝင်အသင်းသား စိုက်ပျိုးရေး လုပ်ကိုင်သူ ၇၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇၁ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၂၂ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသား ၂၆၈ ဦးရှိပြီး မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆဋ္ဌမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် ၅၀၃၈၀၀၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသင်းသားများ လက်ဝယ်အရောက် စနစ်တကျထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။ 

 

ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာရှိ ဒေသခံပြည်သူများမှာ ယခုအခါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခွင့် ရရှိသည့်အတွက် ယခင်ကထက် စီးပွားရေးအခွင့်အလမ်းများ ပိုမို တိုးတက်ကောင်းမွန်လာပြီး လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေကျပ် သိန်း(၁၈၀)ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကျေးရွာတွင်း (၄၀၀)ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီဦးက ပြောသည်။  

လှိုင်ဝင်းလေး