ခင်ဦး ၂၉ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံတောမြောက်ကျေးရွာတွင် ပန်းမုံလာများကို ဒေသမျိုးဖြစ်သည့် ကောက်ရင်၊ ကောက်လတ်နှင့် ကောက်ကြီးမျိုးများကို စိုက်ပျိုးလျက်ရှိရာ ပန်းမုံလာများ အောင်မြင်ဖြစ်ထွန်းသဖြင့် ပန်းမုံလာစိုက်ပျိုးသည့် တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုစိုက်ပျိုးထားသော ပန်းမုံလာမျိုးမှာ ဒေသမျိုးဖြစ်သည့် ကောက်ရင်မျိုး တစ်ဧကခွဲကို ပန်းမုံလာ (၁၇၀၀၀) ပင် စိုက်ပျိုးထားတာဖြစ်ပြီး မျိုးစေ့ကတော့ မိမိအိမ်က မျိုးစေ့ဖြစ်ကြောင်း၊ ကုန်ကျစရိတ်မှာ မြေအောက် ရေတင်ခ၊ လုပ်အားခ၊ မြေဩဇာဖိုး၊ ပိုးသတ်ဆေးဖိုး စုစုပေါင်း ငွေကျပ် (၁၀) သိန်း ဝန်ကျင်ကုန်ကျကြောင်း၊ ယခု အချိန်တွင် ပန်းမုံလာတစ်ပွင့်ကို ငွေကျပ် (၄၀၀) (၄၅၀) ဖြင့် ခင်ဦးမြို့နယ်၊ ရွှေဘို၊ တန့်ဆည်လမ်းဆုံနှင့် မန္တလေးမြို့ တို့ကို ရောင်းချလျက်ရှိပြီး ယခုရောင်းရငွေမှာ ငွေကျပ် (၁၁) သိန်းကျော်ရရှိပြီးဖြစ်ပါတယ်။ ပန်းမုံလာပင်ကို ဇူလိုင်လ က ပျိုးထောင်ပြီး ရာသီဥတုပေါ်မူတည်ပြီး ပျိုးသက် (၄၅) ရက် (၅၀) ရက်မှာ စတင်စိုက်ပျိုးရပြီး စိုက်ပျိုးပြီး ရက်ပေါင်း (၇၀) မှာ ပန်းမုံလာပွင့်ကို ခုတ်ရောင်းရပြီဖြစ်ကြောင်း၊ ယခု စိုက်ထားတဲ့ ပန်းမုံလာခင်းကို ယခုဈေးအတိုင်းရပါက ငွေကျပ် (၃၅) သိန်း ဝန်ကျင်လောက်ရရှိမှာဖြစ်ပြီး နောက်ထပ်လည်း ထိုင်ဝမ် ပန်းမျိုးလာမျိုးကို သီးထပ်အနေနဲ့ ပြန်လည် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ပန်းမုံလာစိုက်ပျိုးတဲ့အတွက် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း မုံတောမြောက် ကျေးရွာမှ တောင်သူ ဦးအောင်ဇော်မြင့် ၏ပြောကြားချက်အရ သိရသည်။
ပန်းမုံလာ အောင်မြင်ဖြစ်ထွန်းအောင်ကလည်း စိုက်ခင်းကို ပိုးမကျအောင် ဂရုတစိုက်နဲ့ ထားရမှာဖြစ်ပြီး ပိုးကျပါက အခင်းလိုက်ပျက်စီးပြီး အရင်းပါရှုံးသွားကြောင်းလည်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


