ခင်ဦး ၁၂ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများလျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက ကြီးကြပ်၍ Helta Light Engineering ကုမ္ပဏီမှ ၂၀၁၉ ခု ဖေဖော်ဝါရီလက စတင်ဆောင်ရွက်လျက်ရှိသည်။


ခင်ဦးမြို့နယ်တွင်  ဇူလိုင်လ (၁၁) ရက်နေ့က မြစ်တော်ကျေးရွာနှင့် နှောကုန်းကျေးရွာတို့တွင် လမ်းမီးများ လျှပ်စစ်ဓာတ်အားဖြင့် စတင်အသုံးပြုနေပြီဖြစ်ပြီး ဇူလိုင်လ (၁၃) ရက်နေ့တွင် ပျဉ်ထောင်ကျေးရွာ၊ ကင်းပြစ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ငှက်ပျောရွာကျေးရွာနှင့် ငကြိုင်းကျေးရွာတို့ ထပ်မံပြီး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ၎င်းကျေးရွာရှိ နေအိမ်များလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန်အတွက် အိမ်သုံးမီတာများကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် NEP စီမံကိန်း ပထမအဆင့်ဖြင့် ဆောင်ရွက်နေသော ကျေးရွာများအနက် ခင်ဦးမြို့နယ်ရှိ ယခုကျေးရွာများသည် ပထမဦးစွာ လျှပ်စစ်မီးစတင်ရရှိသော ကျေးရွာများ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းအောင်ကပြောသည်။


ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း (၃၇) ရွာရှိပြီး ကျန်ရှိနေသော ကျေးရွာပေါင်း (၃၀) ကိုလည်း မကြာမီကာလအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)