ခန္တီး ဇူလိုင် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များအား စီမံကိန်းရေးဆွဲခြင်းနှင့် AVIP သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖိုင်လင်းကျေးရွာ၊ လိုက်ခေါ်ရွာသစ်ကျေးရွာ၊ လိုက်ခေါ်ရွာဟောင်းကျေးရွာ၊ ခေါ်ပေါင်းကျေးရွာ၊ လသာကျေးရွာ၊ ဟင်ဒူကျေးရွာ၊ လယ်ကိုကိုကျေးရွာ၊ ကချင်ကျေးရွာ၊ နာတိုက်ကျေးရွာ၊ လောင်ဆောက်လေးကျေးရွာတို့အား တစ်ရွာလျှင် (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းရေးဆွဲခြင်းနှင့် AVIP သင်တန်းကို စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းရေးဆွဲနည်းများ၊ ကျေးရွာအိမ်ထောင်စုစာရင်း ကောက်ယူနည်းများ၊ ဖွံ့ဖြိုးရေးအခြေပြဇယား ရေးဆွဲနည်းများ၊ ကျေးရွာဖွံ့ဖြိုးရေးမူဘောင် ဇယား ၄၈ မျိုး ဖြည့်သွင်းနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား(၂၀) တက်ရောက်ကြပြီး ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၇ ရက်ထိ (၄)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)