မြိတ် သြဂုတ် ၃၀

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်များသို့​ ခရီးသည်တင် အမြန်ရေယာဉ်များ အရှုံးခံ၍ ပြေးဆွဲပေးလျက်ရှိကြောင်း အမြန်ရေယာဉ်ပိုင်ရှင်များထံမှ သိရသည်။

 

မြိတ်မြို့နယ်မှ ကျွန်းစုမြို့နယ်များရှိ ကျေးရွာများသို့ ပြေးဆွဲပေးလျက်ရှိသည့် အမြန်ရေယာဉ်များ ယခုအခါ လောင်စာဆီဈေး ကြီးမြင့်နေခြင်းကြောင့် အရှုံးခံ၍ ပြေးဆွဲပေးနေကြောင်း သိရသည်။

 

“ကျွန်းစုမြို့နဲ့ မြိတ်မြို့က ရေလမ်းခရီးတစ်ခုတည်းပဲရှိတယ်။ မြိတ်မြို့မှ ကျွန်းစုမြို့ကို အမြန်ရေယာဉ်စီးနင်းခ လူတစ်ဦးကို ငွေ ၄၀၀၀ ကျပ်ပဲယူပါတယ်။ ယခင်က လူတစ်ဦးကို ငွေကျပ် ၁၀၀၀ ကျော်ကျတယ်။ ယခုက လူတစ်ဦးကိုငွေ ၄၀၀၀ ကျပ် ယူထားတာတောင် ခရီးစဉ် အသွား/အပြန် တစ်ခေါက်ကို ငွေကျပ် ၁၀ သိန်း အရှုံးပေါ်နေပါတယ်။ အစိုးရဝန်ထမ်းတွေ၊ လုပ်ငန်းကိစ္စနဲ့ သွားတဲ့သူတွေ၊ ဒေသခံတွေကလည်း ရေလမ်းခရီးကိုပဲ အားထားပြီး သွားလာနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီထက်ဈေးပိုယူဖို့ မလွယ်တော့ဘူး၊ အသွားတစ်ရက်၊ အပြန်တစ်ရက် ပြေးဆွဲ့တဲ့အခါမှာ ခရီးသည် ၂၅၀ ခန့် ပုံမှန်စီးနင်းကြပါတယ်။ အခုက ဒီဇယ်ဆီတစ်ပီပါကို ငွေကျပ် ၇ သိန်းကျော်နေပြီ။ အခုကျွန်တော်တို့ မြိတ်နဲ့ ကျွန်းစုကို အမြန်နှုန်းနဲ့မောင်းရင် အချိန် ၄၅ မိနစ်နဲ့ ရောက်တယ်၊ ဆီစားနှုန်းများမယ်။ ဒါကြောင့် ဆီစားနှုန်းသက်သာဖို့အတွက် အချိန် ၁ နာရီ ၃၀ မိနစ်အကြာ ခုတ်မောင်းနေရပါတယ်။ လက်ရှိမှာတော့ အမြန်ရေယာဉ် (၂)စီးနဲ့ မြိတ်နဲ့ ကျွန်းစုမြို့ကို ပြေးဆွဲပေးနေပါတယ်” ဟု အမြန်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ပင်လယ်ပြင်အတွင်း အလှမ်းဝေးကွာသည့် ကျွန်းများရှိ ကျေးရွာများသို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များအနေဖြင့် ယခုနှုန်းထားအတိုင်း အရှုံးပေါ်နေသည့်အတွက် အမြန်ရေယာဉ်အများစုမှာ ရပ်နားလာကြကြောင်းနှင့် အသင်းအနေဖြင့် စက်တင်ဘာလအတွင်း အစည်းအဝေးလုပ်မည်ဖြစ်ပြီး ဈေးနှုန်းပြင်ဆင်သတ်မှတ်ရန်/ လုပ်ငန်းရပ်ဆိုင်းရန် ဆွေးနွေးရမည်ဖြစ်ပြီး လက်ရှိတွင် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် အရှုံးခံ၍ ပြေးဆွဲနေကြခြင်းဖြစ်ကြောင်း သိရသည်။

 

“မြိတ်မြို့ကနေ ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းတွေကို ပြေးဆွဲပေးနေတဲ့ အမြန်ရေယာဉ်လိုင်းက (၅)လိုင်းရှိပါတယ်၊ အမြန်ရေယာဉ်အစီးရေကတော့ (၁၅)စီးရှိတယ်။ လက်ရှိအနေအထားမှာတော့ (၁၀)စီး ရပ်နားထားပါတယ်။ တစ်ချို့လည်း ရှုံးပေမယ့် တောင့်ခံပြီး ပြေးဆွဲပေးနေပါတယ်။ နိုင်ငံတော်က လောင်စာဆီကို အထူးဈေးနှုန်းနဲ့ ပံ့ပိုးရောင်းချပေးနိုင်ရင်တော့ အဆင်ပြေပါတယ်။ ဒါမှမဟုတ် ဧရာဝတီနဲ့ သံလွင်မြစ်ကြောင်းတွေမှာ ပြေးဆွဲနေတဲ့ အစိုးရပိုင်သင်္ဘောတွေကို မြိတ်ကျွန်းစုဒေသမှာ လာရောက်ပြေးဆွဲပေးရင်တော့ ရေရှည်မှာ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော်တို့ အမြန်ရေယာဉ်လိုင်းတွေကလည်း အစိုးရမှ စီစဉ်ဆောင်ရွက်ပေးတဲ့အတိုင်း လုပ်ဆောင်သွားမှာပါ” ဟု တနင်္သာရီတိုင်းဒေသကြီး သင်္ဘောပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဇော်ထွန်းက ပြောသည်။

 

ယခုအခါ ခရီးဝေးသည့်ကျွန်းများသို့ အမြန်ရေယာဉ်လိုင်းများ ပြေးဆွဲရာတွင် မြိတ်မြို့မှ ရေကန်တောင်ကျေးရွာကို ခရီးသည်တစ်ဦးလျှင် ငွေ ၁၀၀၀၀ ကျပ်၊ မြိတ်မြို့မှ ကံမော်ကျေးရွာကို ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် မြိတ်မြို့မှ ကျွန်းစုမြို့ကို ခရီးသည်တစ်ဦးလျှင် ငွေ ၄၀၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ကုန်လှေငယ်များဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အသုံးပြုနိုင်သော်လည်း လူလိုက်ပါစီးနင်းခွင့်မရှိသည့်အတွက် အမြန်ရေယာဉ်များကိုသာ အဓိကအားထားအသုံးပြုနေရပြီး၊ လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်လာခြင်း၊ ပြေးဆွဲနေသော အမြန်ရေယာဉ် နည်းပါးလာခြင်းတို့ကြောင့် ဒေသခံပြည်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြေးဆွဲပေးနေသည့် ခရီးသည်တင် အမြန်ရေယာဉ်လိုင်း (၅)လိုင်း၊ အစီးရေ (၁၅)စီးရှိပြီး လက်ရှိတွင် လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် (၁၀)စီး ရပ်နားထားရကြောင်းနှင့် ဒေသခံခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်စေရေးအတွက် ခရီးသည်တင်အမြန်ရေယာဉ် (၅)စီးဖြင့် အရှုံးခံပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)