ရန်ကုန်၊ ဇန်နဝါရီ ၁၇
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလ-ရန်ကုန် ကားကူးဇက်မှ ဒလမြို့နှင့် ရန်ကုန်မြို့သို့ ကားဖြင့်သွားလာကြသူ ပြည်သူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ကာ ကားကူးဇက်ပြေးဆွဲခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဒလ-ရန်ကုန် ကားကူးဇက်ဖြင့် ဒလ-ရန်ကုန်သို့ ခရီးစဉ်ပြေးဆွဲမှုအနေဖြင့် ဒလဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီ ၄၅ မိနစ် (နောက်ဆုံးခေါက်)၊ ရန်ကုန်ဆိပ်ကမ်းမှ နံနက် ၇ နာရီမှ ညနေ ၆ နာရီ ၄၅ မိနစ် (နောက်ဆုံးခေါက်)ထိ ရောက်ထွက်စနစ်ဖြစ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကားကူးဇက်ဖြင့် ဒလ-ရန်ကုန်သို့ သွားလာကြမည့် ကားများ အချိန်နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရန်အတွက် အကူရေယာဉ်တစ်စီးဖြင့်လည်း အစားထိုးပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ဒလ-ရန်ကုန် ကားကူးဇက် ပြေးဆွဲပေးနေမှုများနှင့်ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်း ၀၉-၄၂၂၄၅၅၆၀၀ နှင့် ၀၉-၂၅၀၀၆၇၇၇၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
မောင်ယဉ်ဦး


