ခရမ်း   ၁၅   သြဂုတ်   

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှု မရှိစေရေးအတွက်    မဲဆန္ဒရှင်စာရင်းများ   တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရန်ကုန်‌‌တောင်ပိုင်း ခရိုင်  ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်   အိမ်တိုင်ရာရောက်   ကွင်းဆင်းဆောင်ရွက်လျက် ရှိပြီး     ယနေ့ မွန်းလွဲ ၂ နာရီက   ကရင်စုကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာအုပ်စု၊   ကြာကန်ကျေးရွာအုပ်စု၊ ညောင်လန်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုတို့ကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့်  မြို့နယ်တာဝန်ရှိသူများ၊    ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ကရင်စုကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်လန်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍  မဲဆန္ဒရှင်စာရင်း တွင်   ပါဝင်မှု ရှိ မရှိ  စိစစ်ခြင်း၊ မဲစာရင်းတွင်ပါရှိသည့် အချက်အလက်များ မှန်ကန်မှုရှိမရှိ တိုက်ဆိုင်စစ်ဆေးခြင်း တို့ကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။  ကျန်ရှိသူများကို မဲစာရင်းတွင်   ပါဝင်ခွင့်ရရှိရေး ပုံစံ (၃-က) ဖြင့်    လျှောက်ထားနိုင်ရေးတို့ကိုလည်း    စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“ခရမ်းမြို့နယ်အတွင်းမှာ  မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးတာနဲ့ အသိပညာပေးတာတွေကို သြဂုတ် ၁၂ ရက် က စတင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း   မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးဝန်ထမ်း တွေ၊  ကျေးရွာအုပ်ချုပ်၊  ရေးမှူးနှင့် ရာအိမ်မှူး၊  ဆယ်အိမ် မှူးတွေနဲ့ ပူးပေါင်းပြီးတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ    လမ်းအလိုက်၊  အိမ်အလိုက်   ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းဆန်းထွန်းက ရှင်းလင်းပြောကြားသည်။

 

ကိုမင်း(ခရမ်း)