နေပြည်တော် ဇွန် ၁၈
KIA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သားပြည်သူများ နေထိုင်ရာမြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် ကချင်ပြည်နယ် ရွှေကူမြို့ အမှတ် (၁) ရပ်ကွက် ခုံခမ်းရပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ရပ်ကွက်အတွင်း နေထိုင်လျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်သည့် ဒေါ်အေးဖြူ (၄၈) နှစ် (ဘ) ဦးတင်ငွေ ရင်ဘတ်တွင် ဒုံးသီးစဖောက်ဝင် (သေဆုံး)၊ ဒေါ်ခင်ဆွေဆွေသန်း (၂၂) နှစ် (ဘ) ဦးအောင်ကျော်ညွန့် လည်ပင်းနှင့် ညာလက်မောင်း ဒုံးသီးစဖောက်ဝင်ဒဏ်ရာများ၊ မဖူးပွင့်ဝေဝေခိုင် (၁၄) နှစ် (ဘ) ဦးကျော်သီဟဝင်း ဦးခေါင်းနှင့်ဘယ်ခြေ ဒုံးသီးစဖောက်ဝင်ဒဏ်ရာများဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ရာရရှိသူများအား ရွှေကူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် တိုက်ပွဲများ ဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုကြောင့် မြို့၊ ရွာများရှိ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်တို့ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံ ပြည်သူများက ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


