ပွင့်ဖြူ   ၂၈   ဇူလိုင်     


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ဇူလိုင် ၂၈ ရက်၊ ယနေ့နံနက်ပိုင်းက တမံရေပြည့်မှတ် ၃၄၀ အထက် ၂ ဒသမ ၁ ပေ ရေပိုလွှဲမှ ရေကျော်လာ၍ မုန်းချောင်းအောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အရေးပေါ် အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 


ယခုလက်ရှိတွင် ကြီးအုံကြီးဝတမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်မှုများရှိသော်လည်း ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ်အခြေအနေသတ်မှတ်၍ တမံအခြေအနေအား ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံစိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။ 


ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်၍ ပြည်သူများအား အသိပေးနှိုးဆော်ခြင်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုအား အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေ အဆင့်(၂) အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ်အခြေအနေ အဆင့်(၃) အနီရောင်အလံ သတ်မှတ်ထားရှိကြောင်းနှင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် တမံအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ/ မရှိ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ထံမှ သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)