ပွင့်ဖြူ ၂၄ ဇူလိုင်
ကြီးအုံကြီးဝတမံ ရေပြည့်မှတ် ကျော်လွန်နေမှုနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးရှင်းလင်းပွဲတွင် ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းတို့က မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်၊ ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိ ကြစေလိုကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာ မြို့နယ် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီ တောင်းခံကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်းက ကြီးအုံကြီးဝတမံ ရေပြည့်မှတ် ကျော်လွန်နေမှုနှင့် ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်အချက်များနှင့် စိုးရိမ်ဖွယ်ရာ အခြေအနေရှိလာပါက ရေကြီးရေလျှံမှု ကျရောက်နိုင်သည့် ကျေးရွာများရှိ ဒေသခံပြည်သူများ ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် သတိပေးအမှတ်အသားများဖြင့် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ပေးမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ကြီးအုံကြီးဝတမံနှင့် ပတ်သက်ပြီး အရေးပေါ် အခြေအနေ အဆင့်သတ်မှတ်ချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ၏ ရေပြည့်အမှတ်မှာ ၃၄၀ ဒသမ ၃ ပေဖြစ်ပြီး လက်ရှိအခြေအနေတွင် တမံရေပြည့်မှတ် အထက် သုည ဒသမ ၃ စင်တီမီတာ ရေပိုလွှဲမှ ရေကျော်လွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကြီးအုံကြီးဝတမံ အောက်ဘက်ရှိ ကျေးရွာပေါင်း ၃၇ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


