ရှမ်းရွာသစ် ၇ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရှိရသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀ဝ) ချထားပေးပြီး မိမိတို့ကျေးရွာတွင် လိုအပ်သော လမ်းခင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ယခုနှစ် ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်တစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းအရှည် (၂၂၀ဝ၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မရှိသော မြေသားလမ်းခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် (၁၀)သန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလျက်ရှိပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)