မန္တလေး ၃၁ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဘုရားပွဲ နတ်ပွဲနှင့် အလှူပွဲများ ကျင်းပနိုင်ခြင်းမရှိသည့် ယခုကာလတွင် ငှက်ပျောဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်ကာ ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးမန်းစောအောင်သောင်းက ပြောကြားသည်။
“ငှက်ပျော ဈေးကွက်က ဘုရားပွဲနတ်ပွဲနဲ့ အလှူပွဲတွေကိုပဲ အဓိက အားထားရောင်းချနေတာဆိုတော့ ဒီပွဲတွေ မရှိတဲ့အခါ ဝယ်သူနည်းပြီး ရောင်းသူများနေတဲ့အတွက် ဈေးတွေ ကျဆင်းသွားတာပါ။ ငှက်ပျောကို ပြည်ပတင်ပို့ ရောင်းချနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပေမယ့် နည်းပညာပိုင်းမှာ လိုအပ်ချက် ရှိနေသေးတဲ့အတွက် နိုင်ငံတော်အပိုင်းက ကူညီပေးမှသာ ဖြစ်နိုင်မှာပါ။ လက်ရှိ အခြေအနေမှာတော့ ငှက်ပျောစိုက် တောင်သူတွေအနေနဲ့ ဈေးနှုန်းနဲ့ ဝယ်လိုအားက ကျသွားပေမယ့် လုပ်အားခတွေက ကျဆင်းမှုမရှိတဲ့အတွက် ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် ငှက်ပျောဈေးကွက်အတွင်း ယခင်က ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ် ဈေးအထိ ရရှိခဲ့သော်လည်း ယခုကာလတွင် အကောင်းဆုံး (ထိပ်စ) တစ်ဖီးလျှင် ၁၂၀၀ ကျပ်နှုန်းဖြင့်သာ ရောင်းချနေရပြီး ၎င်းဈေးထက် ထပ်မံကျဆင်းသွားပါက တောင်သူများ အဆင်ပြေမှု မရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငှက်ပျောစိုက်ပျိုးမှုအနေဖြင့် ဖီးကြမ်း၊ သီးမွှေးနှင့် ရွှေနီ အမျိုးအစားများကို အဓိက စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု များပြားသည့် ဖီးကြမ်းကို အများဆုံး စိုက်ပျိုးကြကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငှက်ပျောစိုက်ဧကမှာ ၁၀ သိန်းကျော်ရှိကြောင်း သိရသည်။
ငှက်ပျောကို ပြည်တွင်းဈေးကွက်၌သာ မှီခိုရောင်းချနေရသဖြင့် တစ်နှစ်ထက် တစ်နှစ် ဈေးနှုန်း တိုးတက်လာမှု မရှိခြင်း၊ အဆင့်မြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချရန် စီစဉ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ခြင်းတို့ကြောင့် ပြည်ပတရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရောင်းချခွင့် ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အလားအလာကောင်းများ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


