မြစ်ကြီးနား ၄ စက်တင်ဘာ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ နိုင်ငံတော်မှ စိုက်ပျိုးဧက (၁)ဧကလျှင် ငွေကျပ် (၁၄၀၀၀၀) ကျော် ထောက်ပံ့မှုဖြင့် မြစ်ကြီးနား ခရိုင်အတွင်း စိုက်ဧက (၇၉)ဧက မျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်ထားရှိကြောင်း မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မှုဖြင့် ပတ်သက်ပြီး မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝင်းက “မြစ်ကြီးနားခရိုင်အတွင်းမှာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)နှင့် တောင်သူတစ်ဦးလျှင် မျိုးစေ့ထုတ် စိုက်ဧက (၁)ဧကအတွက် မျိုးစေ့အတွက် ငွေကျပ် (၈၅၀၀)၊ အပင်ပြုစုစောင့်ရှောက်ခငွေကျပ် (၇၅၀၀၀)၊ မျိုးကွဲနှုတ်ပယ်ခြင်း ငွေကျပ် (၅၀၀၀၀)နှင့် မျိုးစေ့သန့်စင်ခအတွက် ငွေကျပ် (၁၅၀၀၀) ဖြင့် စုစုပေါင်း (၁) ဧကလျှင် ငွေကျပ် (၁၄၅၈၀၀)ကို  ထောက်ပံ့ပေးထားပါတယ်၊ မြစ်ကြီးနားခရိုင်အတွင်းမှာရှိတဲ့ စုစုပေါင်းစိုက်ဧက (၇၉) ဧကအတွက် တောင်သူတွေကို လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ပါတယ်” ဟုရှင်းလင်းပြောပြသည်။

 

အဆိုပါ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှုကို မြစ်ကြီးနားမြို့နယ်တွင် စိုက်ပျိုးဧက (၄၆) ဧက၊ ဝိုင်းမော်၊ တနိုင်းနှင့် ချီဖွေမြို့နယ်တို့တွင် (၁၀)ဧကစီနှင့် အင်ဂျန်းယန်မြို့နယ်တွင် (၃)ဧက၊ စုစုပေါင်း မျိုးစေ့ထုတ်စိုက်ဧက (၇၉)ဧက ဖြစ်ကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)