မိုးနဲ      ၁၈    ဩဂုတ်    

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP)အစီအစဉ်ဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာတွင်ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ငန်း  Rs to Cs စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွမ်းလိန်၊ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း၊ မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ ထုတ်တောင်သူ များအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ကိုဗစ် – ၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက်သော  Rs to Cs မျိုးစေ့ထုတ် လုပ်သူ  တောင်သူများအား ထောက်ပံ့ပေးရေးအစီအစဉ်အရ မိုးနဲမြို့နယ်၏ မျိုးစေ့ထုတ်ဧက(၅၀) စိုက်ပျိုးမည့် တောင်သူ (၃၁)ဦးအား တစ်ဧကလျှင် မျိုးစေ့ဖိုးငွေကျပ် (၈၅၀၀)နှင့် စိုက်ပျိုးပြုစုခြင်း အတွက် ငွေကျပ်(၇၅၀၀၀) စုစုပေါင်းငွေကျပ် (၈၃၅၀၀)ကို ဧက(၅၀)အတွက် ငွေကျပ် (၄၁၇၅၀၀၀) ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယအစီအစဉ်အရ လာမည့် စက်တင်ဘာလ မျိုးကွဲပယ်ချိန်တွင် တစ်ဧက ကျပ် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဧက(၅၀)အတွက် ကျပ် (၂၅၀၀၀၀၀)အား ပေးအပ်သွားမည်ဖြစ်ပြီး ရိတ်သိမ်းချွေလှေ့သန့်စင်ခ ဧက(၅၀)အတွက် ငွေကျပ် (၇၅၀၀၀၀)ကိုလည်း လုပ်ငန်းအချိန်နှင့် ခွဲဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မျိုးစေ့ထုတ် လုပ်ငန်းနှင့် စပ်လျဉ်း၍ နည်းပညာပေးသင်တန်းကိုလည်း ဆက်လက် ပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(ပြန်/ဆက်)