တောင်ကြီး ၆ စက်တင်ဘာ
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (Covid-19 Economic Relief Plan - CERP) အစီအစဥ်အရ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်းအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ရပ်စောက်မြို့နယ်၊ အလယ်ချောင်ကျေးရွာအုပ်စု၊ တောင်ကွေးကျေးရွာ ဘက်စုံသုံးကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူ (၇၈)ဦးနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိုးစပါးမျိုးစေ့ထုတ် ဧက စုစုပေါင်း (၂၄၇) ဧက အထွက်ကောင်းစပါးမျိုးအတွက် မျိုးစေ့ထုတ်တစ်ဧကလျှင် မျိုးစေ့ဖိုး (၈၅၀၀)ကျပ်၊ စိုက်ပျိုးစရိတ် (၇၅၀၀၀)ကျပ်၊ မျိုးကွဲပယ်ခြင်း (၅၀၀၀၀)ကျပ်၊ မျိုးသန့်စင်ခြင်း (၁၅၀၀၀)ကျပ် စုစုပေါင်း တစ်ဧကလျှင် (၁၄၈၅၀၀)ကျပ်နှုန်းဖြင့် မျိုးစေ့ထုတ်တောင်သူများ လက်ဝယ်သို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ထောက်ပံပေးအပ်ရာတွင် ရပ်စောက်မြို့နယ်မှ မျိုးစေ့ထုတ်ဧက ( ၂၄၇) ဧကအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၃၆ ဒသမ ၆၇၉၅ သန်း ထောက်ပံ့ပေးသွားရန်ဖြစ်ပြီး ပထမအကြိမ် ငွေကျပ် ၂၀ ဒသမ ၆၂၄၅ သန်း ထောက်ပံ့ပေးပြီးဖြစ်၍ ယနေ့အခမ်းအနားတွင် (၂၄၇) ဧကအတွက် ဒုတိယအကြိမ် ငွေကျပ် ၁၆ ဒသမ ၀၅၅ သန်း ထပ်မံထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှု (Covid-19 Economic Relief Plan - CERP) အစီအစဉ်အရ တစ်နိုင်ငံလုံး၌ မိုးစပါး မျိုးစေ့ထုတ်ဧက တစ်သိန်း စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်း၌ (၄၃၁၈)ဧက၊ မြို့နယ်ပေါင်း (၅၀)၊ ကျေးရွာပေါင်း (၂၅၉)ရွာ၊ တောင်သူပေါင်း (၁၅၈၆) ဦးနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးဇော်ဝမ်းထွန်းထံမှ သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ရပ်စောက်မြို့နယ် ဦးစီးမှူး၊ မျိုးစေ့ထုတ်တောင်သူများ၊ ရပ်မိရပ်ဖများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


