ဂန့်ဂေါ ၁၀ စက်တင်ဘာ
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင်ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို စိုက်ပျိုးထားရာ အဆိုပါမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ထောက်ပံ့ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မင်းသန့်တို့က အမှာစကား ပြောကြားကြပြီး ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထင်အောင်ကြွယ်က ရှင်းလင်းတင်ပြကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူ ကိုယ်စားလှယ်များထံ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဒုတိယအကြိမ်အဖြစ် မျိုးကွဲနှုတ်ပယ်ခနှင့် ရိတ်သိမ်းထွက်ရှိလာမည့် မျိုးစေ့များ သန့်စင်ခအဖြစ် တစ်ဧကလျှင် (၆၅၀၀၀)ကျပ်နှုန်းဖြင့် (၄၆၀)ဧကအတွက် (၂၉၉၀၀၀၀၀)ကျပ် (ကျပ်နှစ်ရာကိုးဆယ့်ကိုးသိန်း တိတိ) ကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး သြဂုတ် ၂၇ ရက်က ပထမအကြိမ်အဖြစ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုး စရိတ် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်နှုန်းဖြင့် (၄၆၀) ဧကအတွက် (၃၈၄၁၀၀၀၀)ကျပ် (ကျပ်သုံးရာ ရှစ်ဆယ့်လေးသိန်း တစ်သောင်းတိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သန်းဆွေ


