နေပြည်တော် ၄ နိုဝင်ဘာ
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် အကြံပြုတင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စေတနာ့ဝန်ထမ်း လုပ်ငန်းများ ဆောင်ရွက်နေသူအားလုံးသည် ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာ ကန့်သတ်ရာနေရာများ၊ အနံ့ပျောက် လက္ခဏာရှိသူများ ထားရှိရာနေရာများ၊ ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် လည်းကောင်း၊ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းရာတွင် လည်းကောင်း၊ ကိုဗစ်-၁၉ သံသယလူနာများနှင့် လူနာများအား သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း အမျိုးမျိုးသောလုပ်ငန်းများတွင် မိမိ၏ကိုယ်ကျိုးမပါဝင်သော်လည်း မိမိ၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ဤအဖွဲ့များ၏ ပံ့ပိုးဆောင်ရွက်ချက်များသည် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်စေရန် အတွက် မဖြစ်မနေလိုအပ်ပြီး အရေးကြီးပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လုပ်ငန်းများစွာကို ပါဝင်ပံ့ပိုးဆောင်ရွက်နေသည့် အသင်းအဖွဲ့များ များပြားသဖြင့် လုပ်ငန်းများပိုမို၍ချိန်သားကိုက်ချိတ် ဆက်ဆောင်ရွက်နိုင်ရန်၊ ပိုမိုထိရောက်စေရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ထပ်မနေစေရန်နှင့် လိုအပ်သည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပိုမိုပံ့ပိုး ဖြည့်ဆည်းနိုင်ရန်တို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သုံးပွင့်ဆိုင်အဖွဲ့တစ်ခုဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါကူးစက်ပျံ့နှံ့မှုပုံသဏ္ဌာန်၊ ရောဂါပိုး၏ သဘော သဘာဝအခြေအနေ၊ မိမိတို့တွင်ရှိသော အရင်းအမြစ် စသည့် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေများနှင့် ကိုက်ညီစွာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကဲ့သို့ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့သော ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် လျင်မြန်စွာ ဆုံးဖြတ်ချက်ချမှတ်ကာ တုံ့ပြန်ချက်သည် အထူးအရေးကြီးသဖြင့် မှန်ကန်သောသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိစေရန် မိမိတို့ကြိုးစားလျက်ရှိပြီး အတတ်နိုင်ဆုံး စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။
အစွမ်းထက်မြက်သော ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ထွက်လာပြီး လူဦးရေအများစု မရရှိခင်အချိန်အထိ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များ ရှိလာနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို မိမိအရေးကဲ့သို့ သဘောထားကာ တိကျစွာလိုက်နာပါက အဆိုပါလှိုင်းများ တစ်ခုနှင့်တစ်ခု ဖြစ်ပွားမှုဝေးကွာပြီး မကြီးမားနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကျန်းမာရေး ကဏ္ဍတွင်သာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် ကဏ္ဍအမျိုးမျိုးကိုပါ ထိခိုက်စေခြင်းဖြစ်သဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာကြရန် အထူးအရေးကြီးပါကြောင်း၊ ဤလူမှုရေး အဖွဲ့အစည်း များအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အမြဲဆန်းစစ်သုံးသပ်ကာ အထိရောက်ဆုံးဆောင်ရွက်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ လူမှုရေးအဖွဲ့အစည်းများ၏ ကဏ္ဍအမျိုးမျိုး၌ ကူညီလျက်ရှိသည့်ဆောင်ရွက် ချက်များကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အမြဲတမ်းသိရှိသုံးသပ်၍ လိုအပ်သလို ညှိနှိုင်းပံ့ပိုးကူ ညီရမည်ဖြစ်ပါကြောင်း၊ ဤအသင်းအဖွဲ့များ၏ ယခု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွင် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ချက်များကို အသင်းအဖွဲ့တစ်ခုချင်းစီက ပြုစုရေးသား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးပို့စေလိုပြီး မိမိတို့ဝန်ကြီးဌာနကစုစည်း၍ မှတ်တမ်းတင် စာအုပ်ထုတ်ဝေ သွားမည်ဖြစ်ပါကြောင်း။
ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို ပွင့်လင်းစွာ ပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် We Love Yangon အဖွဲ့မှ အတွင်းရေးမှူး ဒေါ်နန့်စုရွှေစင်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်မှ ဦးသက်ကိုကို၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းချုပ်(ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဦးဖြိုးကိုကိုဆွေ၊ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးဆန်းလင်းဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူ ဦးဖြိုးသုခ၊ Myanmar Christian Council ၏ အဖွဲ့ခေါင်းဆောင် ဦးသာရှီး၊ ဝေဠုကျော် ဖောင်ဒေးရှင်းမှ ဦးဆောင်သူ ဦးဝေဠုကျော်၊ Golden Middle Way အဖွဲ့မှဥက္ကဋ္ဌ ဦးအောင်သော်၊ Skynet Oxygen Donor and Volunteer အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ အတွင်းရေးမှူး ဦးဒီငြိမ်းလင်း၊ Clean Yangon အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်သဉ္ဇာအေး၊ Volunteer for COVID-19 အဖွဲ့မှ တာဝန်ခံ ဦးရန်နောင်ထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီမှ တာဝန်ခံ ဦးနေမျိုးထွန်း၊ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)၏ ဒုတိယဥက္ကဋ္ဌ ဦးမိုးညိမ်းနှင့် ဇာမနီ (မြန်မာ) ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ Coordinator ဦးသန့်စင်တို့က သက်ဆိုင်ရာ အသင်းအဖွဲ့အလိုက် ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာကန့်သတ်ရာနေရာများ၊ အနံ့ပျောက်လက္ခဏာ ရှိသူများထားရှိရာ နေရာများ၊ ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေ မှုများ၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းအပါအဝင် ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အဆောက်အဦပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်နေမှုများ၊ အစားအသောက်များနှင့် အသုံးအဆောင်များ ပံ့ပိုးပေးခြင်းများကိုလည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာ (report) များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လစဉ်ပေးအပ်နေမှုကိုလည်းကောင်း၊ အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင်လည်းကောင်း၊ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းရာတွင် လည်းကောင်း၊ ကိုဗစ်-၁၉ သံသယလူနာများနှင့် လူနာများအား လူနာတင်ယာဉ်များအပါအဝင် ယာဉ်အမျိုးမျိုးဖြင့် သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း ပါဝင်ဆောင်ရွက်နေမှု များကို အသီးသီးဆွေးနွေးပြောကြားကြပြီး လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က စေတနာ့ဝန်ထမ်းများအတွင် N95 Mask များနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ ပိုမိုပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များလိုအပ်မှု ကိုလည်း ဆန်းစစ်မှုများပြုလုပ်ပြီး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအား Rapid Antigen Test Kit များဖြင့် COVID-19 ရောဂါစစ်ဆေးပေးလျက်ရှိပြီး ပိုမိုတိုးမြှင့်စစ်ဆေးပေးရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့များကရရှိသော လှူဒါန်းငွေများဖြင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး အသုံးအဆောင်များဝယ်ယူရာတွင် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရန်ကိစ္စနှင့် ပတ်သက်၍ မိမိနှင့် သက်ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ယနေ့မွန်းလွဲပိုင်းတွင် အသေးစိတ်ဆွေးနွေး မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပြီး ဝန်ကြီးဌာန အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအရ ပရဟိတ လူမှုရေးအသင်းများသည် ငွေကြေးအားဖြင့်လည်းကောင်း၊ ပစ္စည်းကိရိယာအားဖြင့်လည်းကောင်း၊ လုပ်အားဖြင့် လည်းကောင်း၊ ပံ့ပိုးမှုများသည် အထူးများပြားပြီး လုပ်ငန်းအမျိုးအစားကဏ္ဍလည်း စုံလင်များပြားပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွက်သာမက ရေရှည်အတွက်ပါ အကြံပြုချက်များ ပေးအပ်ခြင်းကို ကျေးဇူးတင် ရှိပါကြောင်း၊ ပရဟိတစေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် ကြွက်၊ ခြင်၊ ယင်၊ ရေဆိုးရေညစ်တို့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဤအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းအပါအဝင် ဆေးရုံကြီးများ အဆင့်မြှင့်တင်ပြင်ဆင်ခြင်း လုပ်ငန်းများသည် ယခု ကိုဗစ်-၁၉ အတွက်သာမက ရေရှည်တွင် နောင်လာနောက်သားများအတွက် များစွာ အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်လူနာတင်ယာဉ် ကြီးကြပ်ကွပ်ကဲမှုစနစ် ကောင်းတစ်ရပ် ပေါ်ပေါက်လာရေးသည် ရေရှည်တွင် အရေးကြီးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ် အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပိုမိုကျယ်ပြန့်စွာပေးအပ်ရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်များအတွက် စက်သုံးဆီလိုအပ်ချက် အပါအဝင် ယနေ့တင်ပြသော ကိစ္စရပ်များအား "ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့" ၏ နေ့စဉ်အစည်းအဝေးသို့ တက်ရောက်ကာ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (report) များ အပါဝင် သတင်းအချက်အလက်များကို သုံးသပ်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ဖွဲ့အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စေလွှတ်ထားရှိပြီးဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများကို မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ လူနာများနှင့် စေတနာ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများ သက်သာလျော့ပါးစေရေးအတွက်လည်း ဝန်ကြီးဌာနမှ စိတ်ရောဂါအထူးကု ဆရာဝန်များက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဘက်စုံမှအကျိုးရှိစေရန်အတွက် ရေရှည်ကိုမျှော်မှန်း၍ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပရဟိတအသင်းများမှ တာဝန်ရှိသူများ အချင်းချင်း Videoconferencing စနစ်ဖြင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးနိုင်ရန်နှင့် ကွန်ရက်တစ်ခုဖြစ်စေရန်အတွက် ဝန်ကြီးဌာနမှ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


